ကွမ်းခြံကုန်း စက်တင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ၊ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အခြေခံပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့က အ-ထ-က (၂) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ ကွမ်းခြံကုန်းမြို့နယ်၊ ပညာရေးမှူးရုံးမှ လက်ထောက်ကြီးကြပ်ရေးမှူး ဦးထိန်းလင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် လူငယ်နှင့်စာပေ အကြောင်းအရာကိုလည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ တာဝန်ခံဒေါ်နွယ်နွယ်အေးက စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွန်း အမှတ်အသားဖေါ်ပြခြင်းဆိုင်ရာ အချက်အလက်များနှင့် ကုန်စည်/ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲခြင်းမပြုမှီ သတိပြုရမည့်အချက် အကြောင်းအရာများ လည်းကောင်း၊ အ-ထ-က (၂) ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းအေးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ကျောင်းသား/သူ (၂၀၀) ဦး တက်ရောက်ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား စိတ်ဝင်စားစွာ ကြည့်ရှူလေ့လာကြကြောင်း သိရသည်။
ဆွေနွယ် (ပြန်/ဆက်)