မူဆယ်ခရိုင် ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီး ဦးဆောင်၍ အ.ထ.က(၂) ကျောင်းပြင်ပ သန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် ကျောင်းသား/သူ (၃၀၀၀)ကျော်အား အာဟာရနို့ထမင်း တိုက်ကျွေး

မူဆယ် စက်တင်ဘာ ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ခရိုင်ရဲတပ်ဖွဲ့မှ ဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့များ၊ မြို့မ ရဲစခန်းတပ်ဖွဲ့များ၊ သတင်းရဲတပ်ဖွဲ့များ၊ မှုခင်းရဲတပ်ဖွဲ့များ၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့များနှင့် ကမ္ဘာလှည့်ရဲတပ်ဖွဲ့တို့ ပူးပေါင်းလျက် ယမန်နေ့ နံနက်(၈း၀၀)အချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ပြင်ပပတ်လည်အား စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြပြီး ကျောင်းသား/သူ (၃၀၀၀)ကျော်ကို အာဟာရဒါနနို့ထမင်း လှူဒါန်းတိုက်ကျွေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် မူဆယ်ခရိုင် ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီး လှိုင်ကျော်မြင့် ဦးဆောင်၍ ရဲဌာနအသီးသီးမှ ရဲတပ်ဖွဲ့ဝင်အင်အား (၁၀၀)ကျော်ဖြင့် အ.ထ.က(၂) ကျောင်းရှေ့ မျက်နှာစာရှိ စွန့်ပစ်အမှိုက်များကို ရှင်းလင်းဖယ်ရှားခြင်း၊ ကျောင်းဆိုင်းဘုတ်နှင့်အပြိုင် သစ်ပင်ကြီးများကို ခုတ်ထွင်ဖယ်ရှားခြင်း၊ ရေဆိုးမြောင်းများကို ပြန်လည်တူးဖော်ဆောင်ရွက်ခြင်းနှင့် စွန့်ပစ်ရှင်းလင်းပြီးအမှိုက်များကို စုပုံကာ ရဲတပ်ဖွဲ့မိသားစုဝင်များနှင့် ရဲမေများက အမှိုက်ကန်သို့ စနစ်တကျ စွန့်ပစ်ခဲ့ကြပါသည်။ ဆက်လက်၍ ကျောင်းသား/သူ (၃၀၀၀)ကျော်အား အာဟာရနို့ထမင်း တိုက်ကျွေးခဲ့ကြပြီး ခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီးမှ သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ချက်များနှင့် နို့ထမင်းတိုက်ကျွေးမှုတို့ကို လိုက်လံကြည့်ရှုခဲ့ကြောင်း သိရပါသည်။

မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီး လှိုင်ကျော်မြင့် ဦးဆောင်မှုဖြင့် ခရိုင်အတွင်းရှိ ရဲတပ်ဖွဲ့ အသီးသီးတို့သည် အောက်တိုဘာလ (၁)ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပြည်သူ့အကျိုးပြု ဆေးရုံများ၊ စာသင်ကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်း၊ မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ဇီဝိတဒါနသွေးလှူဒါန်းခြင်း၊ မိုးရာသီအတွင်း ရေကြီးမြေပြိုမှုတို့တွင်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းတို့အပြင် ရဲဌာနအသီးသီး စုပေါင်းကာ ချို့တဲ့ပြည်သူများကို အစားအသောက်နှင့် အဝတ်အထည်များ ပေးဝေလှူဒါန်းခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

မူဆယ်ခရိုင်(ပြန်/ဆက်)