ကျောက်မဲမြို့တွင် ကိုဗစ်-၁၉ လူနာတစ်ဦး တွေ့ရှိ

ကျောက်မဲ အောက်တိုဘာ ၁၉

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ အမှတ် ၃ အခြေခံပညာ အထက်တန်းကျောင်းရှိ Quarantine Center ၌ ထားရှိ‌သော ရန်ကုန်ပြန် အမျိုးသမီး (၂၄နှစ်) တစ်ဦးထံမှ  ယမန်နေ့ က ကိုဗစ် ၁၉ ပိုးတွေ့ခဲ့ကြောင်း သိရသည်။

အဆိုပါ ပိုးတွေ့လူနာသည် ကျောက်မဲမြို့၊ အမှတ် ၉ ရပ်ကွက်တွင်နေထိုင်သူ ဖြစ်ပြီး လွန်ခဲ့သည့် တစ်လကျော် ခန့်က   ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်ရှိ အထည်ချုပ်စက်ရုံတစ်ခု၌ အလုပ်လုပ်ကိုင်သူ ဖြစ်သည်။ အဆိုပါ အမျိုးသမီးသည်  ရန်ကုန်မှ‌ အောက်တိုဘာလ ၈ ရက်နေ့က စတင်ထွက်လာပြီး အောက်တိုဘာလ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က ကျောက်မဲမြို့သို့ ပြန်လည်ရောက်ရှိကာ အတူပြန်လာသူ အမျိုးသမီးတစ်ဦး နှင့်အတူ အမှတ် ၃ အခြေခံပညာ အထက်တန်းကျောင်းရှိ Quarantine Center တွင် နေထိုင်ခဲ့သည်။ အောက်တိုဘာ ၁၄ ရက်နေ့က ၎င်း၏ ဓာတ်ခွဲနမူနာ ရယူစစ်ဆေးခဲ့ရာမှ ပိုးတွေ့ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပိုးတွေ့လူနာအား အောက်တိုဘာ  ၁၈ ရက်နေ့တွင် ကျောက်မဲခရိုင် ပြည်သူ့ဆေးရုံ Isolation Ward သို့ပို့ဆောင်ထားရှိပြီး ၎င်းနှင့် ထိစပ်မှုရှိနိုင်သည့် မိသားစုဝင် ၂ ဦးကို အမှတ် ၃ အခြေခံပညာ အထက်တန်းကျောင်းရှိ Quarantine Center တွင် အသွားအလာကန့်သတ်ထားရှိ စောင့်ကြည့်ထားကြောင်း သိရသည်။

ကျောက်မဲမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၄ ဦးရှိသည့်အနက် ၂ ဦးမှာ သက်သာပျောက်ကင်း၍ ဆေးရုံဆင်းသွားပြီဖြစ်ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)