ငါန်းဇွန်မြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) စီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်း အနားကျင်းပ

ငါန်းဇွန်     စက်တင်ဘာ ၂၀

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၁နာရီက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP)စီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္က ဦးမျိုးမင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုးအောင်က ကျေးရွာပြည်သူလူထုတို့ ပူးပေါင်းပါဝင်သည့် စီမံကိန်းကော်မတီ၏ ကိုယ်တိုင်စီမံခန့်ခွဲမှုစနစ်ဖြင့် ဆောင်ရွက်နိုင်ရန်နှင့်လုပ်ငန်းများ ထိထိရောက်ရောက်အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္က ဦးမျိုးမင်းသိန်း၊ အဖွဲ့ဝင် ဗိုလ်မှူးစောမင်းနောင်၊ ဒုရဲမှူး မျိုးမင်းသိန်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုးအောင်နှင့် မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချိုဇင်ထိုက်တို့က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေများအား မြို့နယ်အတွင်းရှိ (VDP)စီမံကိန်း ကျေးရွာများဖြစ်သည့် ရွာသစ် ကျေးရွာ၊ ဘုရားထူးကျေးရွာ၊ ဆေးခင်းကျေးရွာ၊ လက်ပံပင်ကျေးရွာနှင့် ငါန်းလွှန့်ကျေးရွာတို့မှ စီမံကိန်း ကော်မတီများမှ တာဝန်ရှိသူများထံ အသီးသီးလွှဲပြောင်းပေးအပ်သည်။

ဆက်လက်၍ ကျေးရွာများကိုယ်စား ကျေးရွာသားတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။

သက်နောင်ဦး(ငါန်းဇွန်)