မတ္တရာ စက်တင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင် မတ္တရာမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးများ စတင်ထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မတ္တရာမြို့ အ.ထ.က(မြို့သစ်)တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာတင်အောင်ကျော်မှ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံရခြင်းနှင့် ပတ်သက်သော အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ အ.ထ.က (မြို့သစ်)ကျောင်းအုပ်ဆရာမကြီးမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ထို့နောက် အသက်(၉)နှစ် ပြည့်ပြီး (၁၂) နှစ် မကျော်သော ကျောင်းသူလေးများအား ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများမှ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် ဆရာဝန်ကြီးနှင့် ကျောင်းအုပ်ဆရာမကြီးတို့မှ ကြည့်ရှုအားပေးခဲ့သည်။
မတ္တရာမြို့နယ်တွင် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်း (၁၈.၉.၂၀၂၃) ရက်နေ့မှ (၂၉.၉.၂၀၂၃) ရက်နေ့ အထိ၊ ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို (၁၆.၁၀.၂၀၂၃) မှ (၂၇.၁၀.၂၀၂၃) နေ့အထိ ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)