ဆွမ်ပရာဘွမ် စက်တင်ဘာ ၂၀
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဆေးထိုးနှံခြင်း လုပ်ငန်းတွင် မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၊ မြို့နယ်ကျန်းမာရေးမှူး အဆင့် (၁) ဒေါ်ဂျေလုဂျာက ကျန်းမာရေးအသိပညာပေးခြင်း၊ကာကွယ်ဆေး ထိုးနှံခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများအကြောင်းကို ဟောပြောရှင်းလင်းပြောကြားပြီး တာဝန်ရှိသူ ကျန်းမာရေးဝန်ထမ်းများက ကလေးငယ်များအား အသက်အရွယ်အလိုက် ဆေးမှတ်တမ်း ရေးသွင်းခြင်း၊ ပေါင်ချိန် ချိန်ပေးခြင်းနှင့်ကျန်းမာရေးများ စစ်ဆေးပေးကာ မွေးကင်းစမှ (၂)နှစ်အောက် ကလေးငယ်များကို ဘီစီဂျီ၊ အသည်းရောင် အသားဝါ(ဘီ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ပြင်းထန် ဝမ်းလျှောဝမ်းပျက်(ရိုတာ)၊ ဆိုဆို့-ကြက်ညှာ-မေးခိုင်-ဦးနှောက် အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဝက်သက် (ဂျိုက်သိုး)၊ ဂျပန်ဦးနှောက်ရောင် စသည့်ကာကွယ်ဆေးများကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆေးထိုးခြင်းလုပ်ငန်းအား မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စု (၁၂)အုပ်စုမှ ကျေးရွာများရှိ မွေးကင်းစမှ အသက် (၂) နှစ်အောက် ကလေးငယ်များအား တစ်လတစ်ကြိမ် ရက်သတ်မှတ်ပြီး ဆေးထိုးချိန် နံနက် (၁၀) နာရီတွင် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနမှ သိရသည်။
ဧပရယ်မိုး (ဆွမ်ပရာဘွမ်)