ပြင်ဦးလွင်ခရိုင်တွင် ၂၀၂၃ ခုနှစ်၊ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ

ပြင်ဦးလွင် စက်တင်ဘာ ၂၀

(၂၄) ကြိမ်မြောက်  မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှု အမွေအနှစ်များ၊ အမျိုးသားရေးစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး ရည်ရွယ်ချက်ဖြင့် ကျင်းပလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၏ ၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို  ယနေ့နံနက် ၈ နာရီက ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး (၅) ရှိ ပြင်ဦးလွင်မြို့တော်ခန်းမ၌ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာအခမ်းအနားတွင် ပြင်ဦးလွင်တပ်နယ်မှူး ဗိုလ်မှူးချုပ် စိုးမြတ်ထွဋ်၊ တပ်မတော် နည်းပညာတက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် အေးမင်းဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်း၊ ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်လွင်၊ ခရိုင်ပညာရေးမှူးဒေါက်တာရွှေစင်အိနှင့် အဆို၊ အကပြိုင်ပွဲဝင်များက  ပြင်ဦးလွင်ခရိုင်၏ ၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။

ထို့နောက် အဆိုပြိုင်ပွဲဝင်များက စုပေါင်း၍ "မြန်မာ့မူမှန်" သီချင်းဖြင့်လည်းကောင်း၊ အကပညာရှင်မှ မြန်မာ့ဆိုင်းဝိုင်းကြီးဖြင့် တွဲဖက်၍ ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ကပြဖျော်ဖြေသည်။ ထို့နောက် ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်းက အဖွင့်အမှာစကား ပြောကြားရာ ယခုလိုရိုးရာယဉ်ကျေးမှု အနုပညာကိုပြိုင်ပွဲများ ကျင်းပပြုလုပ်ဖော်ထုတ်ပေးခြင်းအားဖြင့် ခေတ်နှင့်အညီ ပြောင်းလဲလာသော အနုပညာ ရေစီးကြောင်းအရ ထိုးဖောက်ဝင်ရောက်လာသည့် သရုပ်ပျက်အကနှင့် ဝတ်စားဆင်ယင်မှုများ၊ အနောက်တိုင်းယဉ်ကျေးမှုများ ဖုံးလွှမ်းခံရခြင်းတို့မှ ကင်းဝေးကာ မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာကို အလေးထားတန်ဖိုးထားတတ်လာမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး အဆင့် ပြိုင်ပွဲကို အောက်တိုဘာလ(၁)ရက်မှ (၄)ရက် နေ့အထိကျင်းပသွားမည်ဖြစ်ပြီး ဗဟိုအဆင့်ပြိုင်ပွဲကို အောက်တိုဘာလ (၂၄)ရက်မှ (၂၉)ရက်အထိ ကျင်းပပြုလုပ်သွားမည်ဟု သိရှိပါကြောင်း၊ ယနေ့ခရိုင်အဆင့်ပြိုင်ပွဲတွင် ဘာသာရပ်အလိုက် ထူးချွန်ထက်မြက်သူများကို အတွေ့အကြုံရှိသော အနုပညာရှင်များမှ ဒိုင်အဖြစ်အဂတိကင်းစွာ၊ သမာသမတ်ကျစွာဖြင့် စိစစ်ရွေးချယ်ပေးစေလိုကြောင်းနှင့် ဝင်ရောက် ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်များအနေဖြင့်လည်း မိမိတို့လေ့လာမြောက်သင်ယူထားသည့် အနုပညာများကို ရသမြောက်အောင် ဖော်ထုတ်ပြီး ကြိုးစားယှဉ်ပြိုင်သွားကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြိုင်ပွဲအမှတ်ပေးစည်းမျဉ်းများနှင့် ပတ်သက်၍ ဒိုင်အဖွဲ့ဝင်များအားလုံး၏ကိုယ်စား ပြင်ဦးလွင်မြို့နယ် သဘင်အစည်းအရုံးဥက္ကဋ္ဌ ဦးအောင်မင်းက ရှင်းလင်းပြောကြားပြီး အခြေခံကဗျာလွတ်အက၊ ကျေးလက်ရိုးရာအကများ ယှဉ်ပြိုင်ခဲ့ကြကာ ဖွင့်ပွဲအခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

ပြင်ဦးလွင်ခရိုင်၏ ၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တပ်နယ်မှူး ဗိုလ်မှူးချုပ် စိုးမြတ်ထွဋ်နှင့်ဇနီး၊ ပြင်ဦးလွင်တပ်နယ်မှ တပ်မတော်အရာရှိကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပြင်ဦးလွင်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ခင်ဇော်မြင့်နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ   ဦးတင်အောင်လွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်များ၊ ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အကဲဖြတ်ဒိုင်များ၊ ပြိုင်ပွဲဝင်သူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ အငြိမ်းစားဝန်ထမ်းများ၊ အလှူရှင်များ စုစုပေါင်း(၂၄၁) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ကဗျာလွတ်အက(၁၈)ဦး တစ်ဖွဲ့၊ ကျေးလက်အက(၁၈ဦး)တစ်ဖွဲ့၊ (၁၇ဦး) တစ်ဖွဲ့၊ အဆို(ကျား၊မ)(၂၉)ဦး၊ တပင်တိုင်အက(ကျား၊မ) (၁၂)ဦး၊ အရေး(၁)ဦး၊ အတီး (ကျား၊မ)(၃)ဦး စုစုပေါင်း(၉၈)ဦးတို့က ပြိုင်ပွဲအမျိုးအစားအလိုက် ဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဖြူလူသစ် (ခရိုင် ပြန်/ဆက်)