မြစ်ကြီးနား စက်တင်ဘာ ၂၀
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ခန်းမ၌ ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၂၀ ရက်နေ့ နံနက် ၉ နာရီက ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူး ဦးကျော်ထက်က လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပရသည့် ရည်ရွယ်ချက်များ အားရှင်းလင်းပြောကြားပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါအိအိအေးက တိုင်းရင်းသား လူငယ်လူရွယ် ကျောင်းသား/သူများ သိသင့်သိထိုက်သည်များ အား အသိပညာပေးဟောပြောသည်။
ထို့နောက် ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်သူက လူငယ်နှင့်အားကစားကဏ္ဍခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောကာ ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ စာရေးဆရာ အကြီးကိုကို (ကသာ) က အနာဂတ်အတွက်စာဖတ်ပါ ခေါင်းစဉ်ဖြင့်အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား/ ကျောင်းသူများနှင့် မေးမြန်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းအတွက် အာကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားပစ္စည်းများကိုလည်းကောင်း၊ စာရေးဆရာ အကြီးကိုကို (ကသာ) က သုတရသ စာအုပ်စာစောင်များကိုလည်းကောင်း လှူဒါန်းခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများက မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များအား စိတ်ဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားခဲ့ကြသည်။
ခရိုင် (ပြန်/ဆက်)