မောင်တော စက်တင်ဘာ ၂၀
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သည့် မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ကျောင်းအခြေပြု စတင်ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန် သတ်မှတ်ကျောင်းများတွင် ထိုးနှံပေးလျက်ရှိရာ ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးများနှင့် တာဝန်ရှိသူများက စနစ်တကျထိုးနှံနိုင်ရေး ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ကျောင်းအခြေပြု ဆက်လက်ထိုးနှံပေးရာတွင် မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနုကေသီစံ အနီးကပ်ကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၄)အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၊ အမှတ်(၂) အခြေခံပညာ မူလတန်းလွန်ကျောင်း၊ အမှတ်(၅)အခြေခံပညာမူလတန်းလွန်ကျောင်း၊ စံပြကညင်တန်း အခြေခံပညာမူလတန်းလွန်ကျောင်းများရှိ အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သည့် လျာထားကျောင်းသူ (၃၇၆) ဦးအား ကာကွယ်ဆေးထိုးနှံခြင်း မပြုမှီစာရင်းများ ကောက်ယူခြင်း၊ သွေးတွင်းအောက်ဆီဂျင် တိုင်းတာခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းများ ဆောင်ရွက်ပြီးမှ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ကို ကျောင်းသူများအား စနစ်တကျ ထိုးနှံပေးလျက်ရှိသည်။ မောင်တောမြို့နယ်အနေဖြင့် စက်တင်ဘာလ (၁၈) ရက်နေ့မှ (၂၉) ရက်နေ့အထိ ကျောင်းအခြေပြု ထိုးနှံပေးမည်ဖြစ်ပြီး အောက်တိုဘာလ (၁၆) ရက်နေ့မှ (၂၇) ရက်နေ့အထိ ပြည်သူလူထုအခြေပြု ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)