ပုဗ္ဗသီရိမြို့နယ် ညောင်လူးအုပ်စု၊ ကျောင်းစုကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာအဆင့် လုပ်ငန်းကော်မတီဖွဲ့စည်းခြင်းအခမ်းအနား ကျင်းပ

ပုဗ္ဗသီရိ စက်တင်ဘာ ၂၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ညောင်လူးအုပ်စု၊ ကျောင်းစုကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာအဆင့်လုပ်ငန်းကော်မတီဖွဲ့စည်းခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဇေယျာသီရိခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စိုးစိုးဦးက ကျေးရွာများအား အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထူထောင်ပေးခြင်းဖြင့် မိသားစုများ လိုအပ်သော ငွေကြေးအရင်းအနှီးရရှိပြီး အခြားဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ ကျေးရွာအဆင့် စီမံကိန်းလုပ်ငန်းစဉ်များအကြောင်း ပြောကြားခဲ့ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေယျာထွန်းက မြစိမ်းရောင်ကျေးရွာစီမံကိန်း ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများအား ရှင်းလင်းဆွေးနွေးပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကိုကိုက  ကျေးရွာအဆင့် လုပ်ငန်းကော်မတီဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ညောင်လူးအုပ်စု၊ ကျောင်းစုကျေးရွာမှ ကျေးရွာသူ/ကျေးရွာသား ၁၀၀ ဦးနှင့် မြို့နယ်အဆင့် လုပ်ငန်းကော်မတီဝင် ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)