မြင်းခြံ အောက်တိုဘာ ၁၉
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် HPV ကာကွယ်ဆေး စတင် ထည့်သွင်းထိုးနှံခြင်း မြို့နယ်အဆင့် အသိပေးဆွေးနွေးခြင်းကို ယနေ့ နံနက် ၉ နာရီ အချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ တွင် ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲ မြင်းခြံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က အဖွင့်အမှာစကား ပြောကြား ခဲ့ပြီး ခရိုင် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးမှူး ဒေါက်တာအုပ်စိုးက အမျိုးသမီး များတွင် ဖြစ်လေ့ရှိသော သားအိမ် ခေါင်းကင်ဆာရောဂါမဖြစ်ပွားစေရန်အတွက် ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် HPV ကာကွယ်ဆေးထိုး နှံပေးသွားမှာဖြစ်ပါတယ်၊ ယခု ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် မြင်းခြံမြို့နယ်အတွင်းရှိ ၂၀၁၀ စက်တင်ဘာလမှ ၂၀၁၁ ဩဂုတ်လအတွင်း မွေးဖွားတဲ့ အသက်(၉) နှစ်မှ အသက်(၁၀)နှစ်အတွင်း အမျိုးသမီး ငယ်များကို နှစ်ကြိမ် ထိုးနှံပေးမှာဖြစ်ပါ တယ်၊ အောက်တို ဘာလ ၂၁ ရက်နေ့တွင် ပထမအကြိမ်စတင် ထိုးနှံပေးမှာဖြစ်ပြီး ဒုတိယအကြိမ်ကို (၁) နှစ်ခြားပြီး ထိုးနှံပေးမှာဖြစ်ပြီး HPV ကာကွယ်ဆေးထိုးနှံရမည့် အမျိုးသမီးများကို ကြိုတင်ဖိတ်စာပေးပို့သွား မည်ဖြစ် ကြောင်း မြင်းခြံမြို့နယ်အတွင်းရှိ အသက် (၉) နှစ်မှ (၁၀) နှစ်အတွင်း အမျိုးသမီးငယ်များ တစ်ယောက်မကျန် ကာကွယ်ဆေးဖြင့် ကာကွယ်၍ သားအိမ် ခေါင်းကင်ဆာ ရောဂါဖြစ်ပွားမှု မရှိစေရန်အတွက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ခရိုင်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးမှူး ဒေါက်တာ အုပ်စိုးနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)