ကျောက်မဲ စက်တင်ဘာလ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ ဂုဏ်ရည်ထူးအောင်ကိုယ်ပိုင်အထက်တန်းကျောင်း၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပတ်ဝန်းကျင်းထိန်းသိမ်းရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားသို့ ဂုဏ်ရည်ထူးအောင်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးခိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းရည်က လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ဒေါ်နန်းခင်မြတ်ဝါ (ဒုတိယဦးစီးမှူး)မှ အစီအစဥ်တင်ဆက်သူအဖြစ် ဆောင်ရွက်၍ ဂုဏ်ရည်ထူးအောင်ကိုယ်ပိုင်အထက်တန်းကျောင်းမှ မောင်ဇေဘုန်းသူရ(Grade-9)က လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်၊ မောင်ဇော်ဇော်လှိုင်(Grade-10)က လူငယ်နှင့်ကျန်းမာရေး၊ မနန်းသံစဥ်ထူးထက်(Grade-10)က လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ မခြူးထက်စံ(Grade-9)က လူငယ်နှင့်စာဖတ်ခြင်းအကျိုးကျေးဇူး၊ မနန်းမြယွန်းမို(Grade-6)က လူငယ်နှင့်အားကစား ခေါင်းစဥ်များဖြင့် အသီးသီး အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား/သူများ ဆရာမများမှ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်၊ စာစောင်များကို စိတ်ပါဝင်စားစွာ ဖတ်ရှု့လေ့လာခဲ့ကြသည်။
မိုင်းထွန်း(ပြန်/ဆက်)