ဆွမ်ပရာဘွမ်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဖလား မိုးရာသီ အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကျင်းပ

ဆွမ်ပရာဘွမ် စက်တင်ဘာ ၂၀

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်း၌ စိတ်ဓာတ်၊ စည်းကမ်းပြည့်ဝသည့် အနာဂတ်လူငယ် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်လျက် ၂၀၂၃ခုနှစ်၊ ဆွမ်ပရာဘွမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား မိုးရာသီ အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲဗိုလ်လုပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေ (၃) နာရီခွဲက မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ဆွမ်ပရာဘွမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား မိုးရာသီအမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်ပေါင်းစုံမှ ပြိုင်ပွဲအသင်းပေါင်း (၅)သင်းဖြင့် စက်တင်ဘာလ(၇)ရက်နေ့မှ စတင်ယှဥ်ပြိုင်ကစားကြရာ စက်တင်ဘာလ (၁၈) ရက်နေ့ထိအုပ်စုပတ်လည် တတိယပြိုင်ပွဲကစားပြီးနောက် ဘောလုပွဲစဥ်အဖြစ် စက်တင်ဘာလ (၁၉) ရက်နေ့တွင် ဝါစပ်ခူးရပ်ကွက်အသင်းနှင့် အောင်မိုင်လောဒ့်အသင်းတို့ အကြိတ်အနယ် ယှဥ်ပြိုင်ကစားကြရာ ဝါစပ်ခူးရပ်ကွက်ဘောလုံးအသင်းက အောင်မိုင်လောဒ့်ဘော လုံးအသင်းအား ၅ ဂိုး ၂ ဂိုးဖြင့် အနိုင်ရဗိုလ်ဆွဲခဲ့ကြောင်းသိရသည်။

ထို့နောက် ပြိုင်ပွဲအပြီးတွင် ဆုပေးပွဲအခမ်းအနားကျင်းပရာ ပထမရရှိခဲ့သည့် ဝါစပ်ခူးရပ်ကွက်ဘောလုံးအသင်း၊ ဒုတိယဆုရရှိခဲ့သည့် အောင်မိုင်လောဒ့်ဘောလုံးအသင်းနှင့် တတိယဆုရရှိခဲ့သည့် အခြေခံပညာအထက်တန်းကျောင်းတို့အပြင် ပြိုင်ပွဲတစ်လျှေက် တစ်ဦးချင်း အကောင်းဆုံးဂိုးသမားဆု၊ နောက်တန်း၊ အလယ်တန်း၊ ရှေ့တန်းအားကစားသမား အကောင်းဆုံးဆုနှင့် ပြိုင်ပွဲတွင် ကွင်းလယ်ဒိုင်၊ စည်းကြပ်ဒိုင်၊ မှတ်တမ်းဒိုင် ဆောင်ရွက်ပေးခဲ့သူများအား ခလရ (၄၆) နယ်မြေခံတပ်ရင်းမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် တာဝန်ရှိသူများက လည်ဆွဲ၊ ဆုတံဆိပ်နှင့် ငွေသားများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲတွင် ဗိုလ်လုပွဲစဥ်အဖြစ် ယှဥ်ပြိုင်ကစားနေမှုကို ခလရ(၄၆) နယ်မြေခံတပ်ရင်းမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ နှစ်ဖက်အသင်းမှ ဘောလုံးအားကစား ဝါသနာရှင် ပရိသတ်များက ပျော်ရွှင်စွာ လာရောက်အားပေး ကြည့်ရှုခဲ့ကြသည်။

ဧပရယ်မိုး (ဆွမ်ပရာဘွမ်)