တောင်ဥက္ကလာပ စက်တင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက် (၁၁) နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါစာစီစာကုံးပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေနှင်းမှ ပြိုင်ပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီး လူငယ်လူရွယ်လေးများ ဗလငါးတန်ဖွံ့ဖြိုးစေရန်၊ စဉ်းစားတွေးခေါ်တတ်စေရန်၊ ယနေ့ခေတ်လူငယ်လူရွယ်များ၏ စိတ်ဓာတ်နှင့်စာရိတ္တမဏ္ဏိုင်ကို အကြီးမားဆုံးလှိုက်စား ဖျက်ဆီးနိုင်သည့် မူးယစ်ဆေးဝါးအန္တရာယ်အား သိရှိရှောင်ရှားစေရန်၊ လူငယ်များမူးယစ်ဆေးဝါးနှင့် ပက်သတ်ပြီး ရှောင်ရှားတိုက်ဖျက်နိုင်ရန်နှင့် လူငယ်များအား မူးယစ်ဆေးဝါးအန္တရာယ် မကျရောက်ရန်အတွက် "မူးယစ်အန္တရာယ်နှင့်ယနေ့လူငယ်" ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကျင်းပခဲ့ကြောင်း သိရသည်။
စာစီစာကုံးပြိုင်ပွဲသို့ အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်းမှ အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ (၃၀) ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူ Book Club အဖွဲ့ဝင်များ၊ Women Club အဖွဲ့၀င်များ၊ စာပေဝါသနာပါသူ လူငယ်လူရွယ်လေးများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ပြီး ပြိုင်ပွဲဝင်ဆုရရှိသူများအား ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုများ အသီးသီးချီးမြှင့် ပေးခဲ့ကြောင်း သတင်းရရှိသည်။
အင်ကြင်း (ပြန်/ဆက်)