တပ်ကုန်းမြို့၌ ကျောင်းသား၊ ကျောင်းသူများအား အများနှင့်အတူ ပါဝင်ယှဉ်ပြိုင်တတ်သည့် အလေ့ကျင့်ကောင်းများရရှိစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေး ပိုမိုဖွံ့ဖြိုးလာစေရန် ပြိုင်ပွဲများ ကျင်းပ

တပ်ကုန်း စက်တင်ဘာ ၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ ပြိုင်ဆိုင်မှုများနှင့် ဉာဏ်ရည်ဉာဏ်သွေး ပိုမိုဖွံ့ဖြိုးလာစေရန် ရည်ရွယ်ပြီး ဖိတ်ခေါ်ကျင်းပသည့် ပန်းချီ၊ ပုံပြော၊ ကဗျာရွတ်နှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community  Centre)ခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲများတွင် ဆရာစံရပ်ကွက်၊ မူလွန်(၁)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က ပြိုင်ပွဲများကျင်းပရခြင်း ရည်ရွယ်ချက်များ ပြောကြားပြီးနောက် ပန်းချီပြိုင်ပွဲတွင်  ၁၄ ဦး၊ ပုံပြော ပြိုင်ပွဲတွင်  ၁၀ ဦး၊ ကဗျာရွတ်ပြိုင်ပွဲတွင်  ၁၃ ဦး၊ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ၁၀ ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၄၇ ဦး ယှဉ်ပြိုင်ခဲ့သည်။ ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)ဥက္ကဋ္ဌ ဦးထွန်းကြည်(မောင်ကြည်မူ-ပျဉ်းမနား)နှင့် အဖွဲ့ဝင် စာရေးဆရာမ သင်းသင်းလှိုင်(သင်းသင်းလှိုင်-တပ်ကုန်း)နှင့် ဆရာမများ၊ ကျောင်းသားမိဘများက ဆုတံဆိပ်နှင့် ဆုလက်ဆောင်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါပြိုင်ပွဲများအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်း ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ ရသ စာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများက လေ့လာကြည့်ရှုကြောင်း သိရသည်။

တင်စိုးလွင်