မိုးကောင်းမြို့နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မိုးကောင်း စက်တင်ဘာ ၂၀

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ မြို့နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီတွင် အထက(၁) ကျောင်း မဉ္ဇူသကခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ရဲထွန်းအောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးသန့်ဇင်နှင့် သဘင်ဥက္ကဋ္ဌ ဦးအောင်မြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာ စကား ပြောကြားသည်။

ဆက်လက်၍ (၁၅-၂၀) အမျိုးသမီးအက (၁)ဦး၊ (၁၀-၁၅)အဆို (ကာလပေါ်) အမျိုးသား (၆)ဦး၊ (၁၀-၁၅) အဆို (ကာလပေါ်)အမျိုးသမီး(၇)ဦး၊ (၁၀-၁၅) အမျိုးသမီးအက(၃)ဦးနှင့် (၁၅-၂၀) အမျိုးသမီး အဆို (၁)ဦးတို့က သက်ဆိုင်ရာ ဘာသာရပ်ပြိုင်ပွဲ အမျိုးအစားအလိုက် အဆို၊ အက၊ အရေး၊ အတီး ယှဉ်ပြိုင်ကြပြီး အမက-အလယ်ရပ်ကျောင်းမှ မထွယ်စင်ပန်က မြတ်ဆရာ တေးသီချင်းကို တယောဖြင့် ဖျော်ဖြေကြောင်း သိရ သည်။

ထို့နောက် မြို့နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသည့် ပြိုင်ပွဲဝင်များကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက ဆုအသီးသီးချီးမြှင့်ကြသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပညာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသူများ၊ ကျောင်းသား/သူများနှင့် မိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)