ကာလိမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်

ကာလိ စက်တင်ဘာ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ  ၌ စာရေးဆရာ ဝတ်ရည်ခင်(ပဲခူး)၏ "ရွှေရောင်ခေတ်၏ ရတနာလေးများ" စာအုပ်ဖြင့် စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းနှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်ထင်ထင်ကျော်က ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် တစ်ဦးနှင့်တစ်ဦး အသိပညာများ ဖလှယ်တက်စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် အခြေခံပညာအထက်တန်းကျောင်း ဆရာမ ဒေါ်နွယ်နွယ်ဦးက "ရွှေရောင်ခေတ်၏ ရတနာလေးများ" ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးပြီး  Grade-8 မှ မောင်နိုင်လွင်က "ဘက်စုံထူးချွန် လူရည်မွန်" ခေါင်းစဉ်ဖြင့်လည်ကောင်း၊ မမျိုးစန္ဒာဝင်းက "စာဖတ်ခြင်း အကျိုးကျေးဇူး" ခေါင်းစဉ်ဖြင့်လည်ကောင်း၊ မောင်အောင်ဆုပိုင်က "စည်းကမ်းလိုက်နာ ဘေးကင်းကွာ" ခေါင်းစဉ်ဖြင့်လည်ကောင်း၊ မအင်ကြင်းမေက "လုပ်အားတန်ဖိုး ချစ်မြတ်နိုး" ခေါင်းစဉ်ဖြင့်လည်ကောင်း အသီးသီး ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများက အသိပညာဗဟုသုတများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များ ခင်းကျင်းပြသခဲ့ပြီး တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာခဲ့ကြကြောင်း သိရသည်။

ထင်ထင်(ကာလိ၊ ပြန်/ဆက်)