နမ့်စန်တွင် အလယ်တန်းအဆင့်(Grade-9) ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများကို ပညာသင်ယူနိုင်မည့်အခွင့်အလမ်းဆိုင်ရာများ အသိပညာပေး ဟောပြော

နမ့်စန်(တ)  စက်တင်ဘာ ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အလယ်တန်းအဆင့်(Grade-9) ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင်ယူနိုင်မည့် အခွင့်အလမ်းဆိုင်ရာများ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်)သရဖီခန်းမတွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် အထက(နမ့်စန်)မှ  ကျောင်းအုပ်ဆရာမကြီး ဒေါ်မွန်မွန်မြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အလယ်တန်းပြဆရာမ ဒေါ်တင်တင်အေးက အလယ်တန်းအဆင့် (Grade-9) ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ၏ ပညာဆက်လက်သင်ယူနိုင်မည့် အခွင့်အလမ်းများ၊ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရပ်များ လေ့လာသင်ယူခွင့်ဆိုင်ရာများနှင့် အခွင့်အလမ်းများ စသည်တို့ကို အသေးစိတ်အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဥမ္မာဝင်းနှင့် အဖွဲ့ဝင်များ၊ Grade-9 ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သူရအောင်(နမ့်စန်)