ကျောက်ပန်းတောင်း စက်တင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန်အတွက် ကျောင်းအခြေပြုလူငယ်စကားဝိုင်းများနှင့် အသိပညာပေးဟောပြောပွဲများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိရာ၊ ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က သာယာအေးရပ်ကွက်ရှိ လေးရွာအခြေခံပညာ အထက်တန်းကျောင်းစုဝေးခန်းမတွင် လူငယ်စကားဝိုင်း ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ လူငယ်စကားဝိုင်းတွင် လေးရွာအခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမော်က ကြိုဆိုနှုတ်ခွန်း ဆက်စကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်က လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ပေးနေရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် Grade-9 ကျောင်းသား/ကျောင်းသူလေးများ ဖြစ်သည့် မအိမြတ်သူက လူငယ်နှင့်အားကစားအကြေင်းကိုလည်းကောင်း၊ မောင်စည်သူကလူငယ်နှင့် စာပေဖတ်ရှုခြင်း အကြောင်းကိုလည်းကောင်း၊ မောင်ကြယ်စင်ထွဋ်ခေါင်က လူငယ်နှင့် မူးယစ်ဆေးအကြောင်းကိုလည်းကောင်း၊ မောင်ဘုန်းမြတ်သော်က လူငယ်နှင့်စာရိတ္တအကြောင်း ကိုလည်းကောင်း ဦးဆောင် ဆွေးနွေးကြ၍ တက်ရောက်လာသည့် ကျောင်းသား/ ကျောင်းသူလေးများနှင့် သိလိုသည်များ ကို အပြန်အလှန် မေးမြန်း/ဆွေးနွေး ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။ အဆိုပါ လူငယ်စကားဝိုင်း ကျင်းပရခြင်းနှင့်ပတ်သက်၍ “အခုလို လူငယ်စကားဝိုင်းလေးတွေ ကျင်းပပေးတော့ ဦးဆောင်ဆွေးနွေးကြတဲ့ ကျောင်းသား/ကျောင်းသူလေးတွေအတွက်လည်း သူတို့ဆွေးနွေးရမည့် အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး၊ လေ့လာရတယ်… စာတွေအများကြီးဖတ်ရတယ်… အဲ့ဒီအတွက် လည်း သူတို့မှာ အကျိုးကျေးဇူးတွေရသလို… ဆွေးနွေး ပြောကြားတဲ့အခါမှာလည်း လူရှေ့သူ့ရှေ့မှာ ရဲရဲ တင်းတင်းပြောရဲဆိုရဲ ရှိလာအောင် အလေ့အကျင့်ကောင်းတွေရပါတယ်…။နောက်ပြီး သူတို့လေ့လာ သိရှိထားသမျှကို သူငယ်ချင်းတွေကို ပြန်လည်မျှဝေတဲ့အတွက်လည်း တက်ရောက်နားထောင်တဲ့ သူတွေမှာ ဗဟုသုတရသလို အတွေ့အကြုံ ကောင်းတွေလည်းရရှိကြလို့ လူငယ်စကားဝိုင်း ပြုလုပ်ပေးရကျိုးနပ်သလို… ဝမ်းလည်း သာရပါတယ်ရှင့်…” ဟု ကျောင်းအုပ် ဆရာမကြီး ဒေါ်အေးအေးမော်က ပြောပါသည်။
အဆိုပါ လူငယ်စကားဝိုင်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ လေးရွာအ.ထ.က မှ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ/ဆရာမများ၊ Grade-8 နှင့် Grade-9 မှ ကျောင်းသား/ကျောင်းသူလေး များ စုစုပေါင်း ၂၅၀ ဦးတက်ရောက်ခဲ့ကြကြောင်းသိရသည်။
နေအောင်(ပြန်/ဆက်)