လသာ စက်တင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသောလူငယ်စကားဝိုင်းကို ယမန်နေ့၊ နံနက် ၉ နာရီက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ မြညီလာခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်အနောက်ပိုင်းခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာမိုးက လူငယ်စကားဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဗိုလ်မှူး ဆန်းထွန်းအောင်က မုဒိတာစကားပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းစတင်ခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာမိုး၊ တွဲဖက်ဦးဆောင်ဆွေးနွေးသူအဖြစ် အ-ထ-က (၂) ကျောင်းမှ အလယ်တန်းပြဆရာမ ဒေါ်သိန်းယုဆွေတို့က ဦးဆောင်ဆွေးနွေးကာ ကျောင်းသား၊ကျောင်သူ (၆) ဦးတို့က လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ယဥ်ကျေးမှု၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်နည်းပညာအစရှိသည့် ခေါင်းစဥ်ပါအကြောင်းအရာများကို ဆွေးနွေးကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးကြကြောင်း သိရသည်။ ဆက်လက်၍ ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်ဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ လူငယ်စကားဝိုင်းသို့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၅၀) ဦးခန့်တက်ရောက်ကြပြီး၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်နှင့် သုတ/ရသစာအုပ်များကို တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများ ကစိတ်ပါဝင်စားစွာကြည့်ရှုလေ့လာကြကြောင်း သိရသည်။
နီနီအောင်