ပန်းဘဲတန်း စက်တင်ဘာ ၂၀
ကျောင်းသား/ ကျောင်းသူ၊ လူငယ်လူရွယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ချိန်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ၎င်းတို့ သိရှိထားသည့် အသိဉာဏ်ပညာဗဟုသုတများကို အကျိုးရှိထိရောက်စွာ အသုံးချတတ်ပြီး မိမိနှင့်မိမိပတ်ဝန်းကျင်ရှိ လူအများ၏အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ပန်းဘဲတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက် (၁ဝ) နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ဧကရီခန်းမ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ပန်းဘဲတန်းမြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူး ဦးတင်အောင်မိုးက အဖွင့်အမှာစကားပြောကြားပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးချိုတူးက လူငယ်ရေးရာ အသိပညာပေးခေါင်းစဥ်ဖြင့်လည်းကောင်း၊ မြန်မာ့အားကစားဟောင်းအသင်းမှ အားကစားသမားဟောင်း ဒေါ်မာမာမင်းက အားကစားဆိုင်ရာ အသိပညာများခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဦးဆန်းကြည်က လူငယ်နှင့်စာရိတ္တ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာမပေါက်ပေါက်က လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးဟောပြော ဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းသို့ အားကစားပစ္စည်းများ ထောက်ပံ့ပေးခြင်းနှင့် အားကစားသရုပ်ပြအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ပြီး အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မာမာလွင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ယင်းနောက် အားကစားသရုပ်ပြအဖွဲ့များမှ ရိုးရာခြင်းလုံးသရုပ်ပြခြင်း၊ တိုက်ကွမ်ဒိုသရုပ်ပြခြင်း၊ Fitness Dance ဖြင့် ကပြဖျော်ဖြေခြင်းများ ပြုလုပ်ခဲ့ပြီး တက်ရောက်လာကြသူများက မူးယစ်ဆေးဝါး အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ/ ရသစာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။
ဒေါ်ဦးဆန်းကြည်