ဗဟန်းမြို့နယ် မူလွန် (၃) တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး စတင်ထိုးနှံ

ဗဟန်း စက်တင်ဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ဗဟန်းမြို့နယ် ရွှေ​တောင်ကြား (၂) ရပ်ကွက်ရှိ အမှတ် (၃) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ပညာသင်ကြားနေသည့် အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်​သော ကျောင်းသူ (၉၂) ဦးအား ယမန်နေ့ နံနက်ပိုင်းက သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) Vaccine ကို ထိုးနှံပေးခဲ့​ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာ​ရေးဝန်ထမ်းများက အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော ​ကျောင်းသူ​လေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်းလုပ်ငန်း၏ ရည်ရွယ်ချက်၊ သားအိမ်ခေါင်းကင်ဆာရောဂါသည် အမျိုးသမီးများ၌ အဖြစ်များသောရောဂါဖြစ်ပြီး အသက်ဆုံးရှုံးမှုများသည့် ရောဂါဖြစ်ကြောင်း၊ သားအိမ်ခေါင်းကင်ဆာရောဂါ (အိတ်ချ်ပီဗီ) ကာကွယ်ဆေးအ​ကြောင်းနှင့် ကာကွယ်ဆေးထိုးခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာကို ထိရောက်စွာ ကာကွယ်နိုင်မှုများ၊ ရောဂါကာကွယ်ခြင်းနှင့် ကုသခြင်းများစသည်တို့ကို ကျောင်းသူများအား အသိပညာ​ပေးဆွေးနွေးရှင်းလင်းပြောကြားခဲ့ကြပြီး ကာကွယ်ဆေးများထိုးနှံပေးခဲ့ကြသည်။

အဆိုပါ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (အိတ်ချ်ပီဗီ) ကာကွယ်ဆေးအား ဗဟန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသည့် အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်ထက်မကျော်သော (၁-၉-၂၀၁၁) ရက်နေ့မှ (၃၁-၈-၂၀၁၄) နှစ်အတွင်း မွေးဖွားသည့် မိန်းကလေးများအား စက်တင်ဘာ ၁၈ ရက်နေ့မှ ၂၉ ရက်နေ့အတွင်း အပြီးထိုးနှံပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ကြည်​ဇေ​သော်