ကွမ်းခြံကုန်း အောက်တိုဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ယမန်နေ့မနက်(၉)နာရီက မြို့မဈေးကြီးအတွင်းနှင့် မြို့လယ် ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့မှ နှာခေါင်းစည်း(mask) တပ်ဆင်လာခြင်း မရှိသူများအား အသိပညာပေးခြင်းနှင့် စည်းကမ်းလိုက်နာခြင်း မရှိသူများအား ဒဏ်ကြေးငွေ ပေးဆောင်စေခြင်းဖြင့် စည်းကမ်းလိုက်နာမှုရှိစေရန် နေ့စဉ်ကြပ်မတ် စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်မှုတွင် ကိုဗစ်-၁၉မြို့နယ် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်များ ဖြစ်သည့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များ ပူးပေါင်း၍ မြို့မဈေးကြီးအတွင်း ဈေးရောင်းချသူ ဈေးဝယ်သူများနှင့် ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် သွားလာနေသူများ၊ စက်ဘီး၊ ဆိုင်ကယ်၊ မော်တော်ယာဉ်များပေါ်တွင် စီးနင်းလိုက်ပါလာသူများအား နှာခေါင်းစည်း (mask) တပ်ဆင်လာခြင်းမရှိပါက ဒဏ်ကြေးငွေ(၁၅၀)ကျပ်၊ maskတစ်ခု တန်ဖိုးငွေ(၅၀)ကျပ် စုစုပေါင်း(၂၀၀) ကျပ် ပေးဆောင်စေပြီး ခုဝယ်ခုတပ် အစီအစဉ်ကို ဆောင်ရွက်ခဲ့ကြသည်။ နေ့စဉ်စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့က ကြပ်မတ်ဆောင်ရွက်လျက်ရှိသောကြောင့် ယခုအခါ အပြင်ထွက်လာသူတိုင်း နှာခေါင်းစည်း(mask) တပ်ဆင်လာကြသည်ကို မြင်တွေ့ရပြီး စနစ်တကျ တပ်ဆင်မှုဖြစ်စေရန် အသိပညာပေးခြင်း၊ လက်တွေ့ သရုပ်ပြသခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။
ထွန်းထွန်းစိုး(ပြန်/ဆက်)