ကျောက်တံတား စက်တင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်တွင် အခြေခံပညာကျောင်းများအား အခြေပြုလျက် အသက် (၉) နှစ်ပြည့်ပြီးနှင့် အသက် (၁၂) နှစ်မပြည့်သေးသော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးခြင်းကို စက်တင်ဘာလ (၁၈) ရက်နေ့မှစတင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံခြင်းဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ စိုးလင်းထူးနှင့် ကျန်းမာရေးဝန်ထမ်းများက ကျောက်တံတားမြို့နယ် အ.မ.က (၅)၊ အ.မ.က (၆)၊ အ.ထ.က (၁) တို့ရှိ အသက် (၉) နှစ်ပြည့်ပြီးနှင့် အသက် (၁၂) နှစ်မပြည့်သေးသော ကျောင်းသူများအား ကာကွယ်ဆေးနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခဲ့ကြပြီး သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး (HPV) များကို စနစ်တကျထိုးနှံပေးခဲ့ကြသည်။
ကျောက်တံတားမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးကို ကျောင်းအခြေပြု၍ စက်တင်ဘာလ (၁၈) ရက်မှ (၂၉) ရက်အထိနှင့် ပြည်သူလူထုအခြေပြု ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို အောက်တိုဘာလ ဒုတိယပတ်တွင်လည်းကောင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
မြို့နယ် (ပြန်ဆက်)