ပင်းတယမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ဆက်လက်ထိုးနှံပေး

ပင်းတယ စက်တင်ဘာ ၁၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ပင်းတယမြို့နယ်တွင် စက်တင်ဘာလ ၁၈ ရက်နေ့မှစတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ပညာသင်ကြားနေသော အသက် ၉ နှစ်ပြည့်ပြီးသည့် ကျောင်းသူများအား မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက သားအိမ်ခေါင်းကင်ဆာရောဂါအကြောင်းနှင့် ကာကွယ်ဆေးထိုးနှံရခြင်းအကြောင်းများကို အသိပညာပေးဟောပြောခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကိုဆောင်ရွက်ပြီး ကျန်းမာရေးကောင်းမွန်သည့် ကျောင်းသူများအား သားအိမ်ခေါင်းကင် ဆာရောဂါကာကွယ်ဆေး(HPV)ကို စနစ်တကျထိုးနှံပေးလျက်ရှိရာ စက်တင်ဘာလ ၁၈ ရက်နေ့တွင် အခြေခံပညာကျောင်းပေါင်း (၄၂)ကျောင်းမှ ကျောင်းသူ (၆၁၁)ဦးအား ဆေးထိုးအဖွဲ့ (၂၁)ဖွဲ့ဖြင့်ထိုးနှံပေးခဲ့ကြောင်းနှင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၁၁၅)ကျောင်းမှ ကျောင်းသူ(၁၆၁၀)ဦးအား ဆေးထိုးအဖွဲ့(၂၁)ဖွဲ့ဖြင့် သားအိမ်ခေါင်းကင် ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကုသရေးနှင့်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)