ဆီဆိုင် စက်တင်ဘာ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် အမျိုးသမီးငယ်လေးများ သားအိမ်ခေါင်းကင်ဆာရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ အသက် ၉ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသူလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးကို ယနေ့နံနက် ၉ နာရီက နောင်ကျောကျေးရွာအုပ်စုအတွင်းရှိ ဘုရားဖြူ အခြေခံပညာအထက်တန်းကျောင်း၌ ထိုးနှံပေးသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက အသက် ၉ နှစ်မှ ၁၂ နှစ်အရွယ်ကျောင်းသူလေးများကို ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးထိုးနှံပေးသည်။ ထို့နောက် ကျန်းမာရေး ဝန်ထမ်းများက သားအိမ်ခေါင်းကင်ဆာ၏ ရောဂါလက္ခဏာများ၊ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားပါက နောက်ဆက်တွဲဖြစ်ပွားနိုင်သည့် ရောဂါလက္ခဏာများ၊ HPV ပိုးကူးစက်ခံရပြီး သားအိမ်ခေါင်းကင်ဆာဖြစ်ပွားနိုင်သည့် အချိန်ကာလများနှင့် HPV ကာကွယ်ဆေးသည် ဘေးကင်းစိတ်ချရသည့် ကာကွယ်ဆေးဖြစ်ပြီး HPV ရောဂါပိုးကြောင့် ဖြစ်ပွားနိုင်သည့် ကင်ဆာရောဂါများကို ထိထိရောက်ရောက် ကာကွယ်နိုင်ကြောင်းကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)