ဘီးလင်း စက်တင်ဘာ ၁၉
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေး ဆောင်ရွက်လျက်ရှိရာ ယနေ့ မွန်းလွဲပိုင်းက အ.မ.က (မြို့သစ်) ကျောင်းသို့ သွားရောက်၍ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
နယ်လှည့်စာကြည့်တိုက်များ လိုက်လံဖွင့်လှစ်ရာတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရေး၊ ကျောင်းသင်ခန်းစာအပြင် ပြင်ပဗဟုသုတ တိုးပွားစေရေးတို့ကို ဟောပြောဆွေးနွေးခဲ့သည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကို စိတ်ကြိုက်ရွေးချယ်ဖတ်ရှုကာ ကဗျာရွတ်ဆိုနှင့် ပုံပြင်ပြောပြိုင်ပွဲများကို ပြုလုပ်ခဲ့ကြသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းတွင် ကျောင်းသား၊ ကျောင်းသူများ ဖတ်ရှုလေ့လာနိုင်ရန် ကလေးကဗျာများ၊ ရုပ်ပြပုံပြင်များ စသည့်ကလေးများ အသိပညာတိုးပွားရေး စာအုပ်စာပေများနှင့် မူးယစ်ဆေးဝါးအန္တရာယ် သတိပြုကာကွယ်ရေး၊ ကလေးအလုပ်သမားပပျောက်ရေးစသည့် အသိပညာပေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)