ကွမ်းခြံကုန်း အောက်တိုဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင် (၂၀၂၀)ပြည့်နှစ် နိုဝင်ဘာ(၈) ရက်နေ့၌ ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲများအား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးရန်အတွက် အာခေါင်တို့ပတ်၊ နှာခေါင်းတို့ပတ် (Swab) ယူခြင်းလုပ်ငန်းအား ယခုလ(၁၂)ရက်နေ့က မြို့နယ်ပြည်သူ့ ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူးအဆင့်(၁) ဦးနိုင်လင်းဦး ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ (Swab)ယူခြင်း လုပ်ငန်းဆောင်ရွက်မှုတွင် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲ (၁၈၀)နှင့် နည်းပြ၊ ကြီးကြပ် (၆)ဦး၊ စုစုပေါင်း (၁၈၆)ဦးတို့အား အာခေါင်တို့ပတ်၊ နှာခေါင်းတို့ ပတ်ရယူ၍ ရန်ကုန်အမျိုးသားဓာတ်ခွဲဌာန (NHL) သို့ ပေးပို့စစ်ဆေးခဲ့ရာ အထူးရဲတာဝန် ထမ်းဆောင်မည့်သူ တစ်ဦးတွင် ကိုဗစ်-၁၉ရောဂါပိုး (Positive)ရှိကြောင်း သိရှိရသည်။ ထို့ကြောင့် အဆိုပါ (Positive)တွေ့ရှိသူအား အောင်မြင့်မိုရ်အိမ်ယာ ကုသရေး စင်တာသို့ ယခုလ(၁၇)ရက်နေ့က ပေးပို့လိုက်ပြီဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ထွန်းထွန်းစိုး(ကွမ်းခြံကုန်း)