သာကေတ စက်တင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းအောင်ဆန်းခန်းမ၌ ယနေ့နံနက် (၁၀:၀၀) အချိန်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှကြီးမှူး၍ စွန့်ပစ်အမှိုက်များစီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ကျင်းခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ဝင်များ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းတင်ယုဆွေက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ကြီးကြပ်ရေးမှူး ဦးဟန်မျိုးလှိုင်က စွန့်ပစ်အမှိုက်များဆိုင်ရာ အမူအကျင့်ကောင်းများနှင့် စပ်လျဥ်း၍လည်းကောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ကျန်းမာရေးဌာနခွဲ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအောင်ကိုဦးက သွေးလွန်တုတ်ကွေးရောဂါနှင့် ကျန်းမာရေးဆိုင်ရာများအားလည်းကောင်း အသီးသီးဆွေးနွေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပြီး တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားခဲ့သည်။
ဆက်လက်ပြီး စွန့်ပစ်အမှိုက်များဆိုင်ရာ အသိပညာပေးစာအုပ်များ၊ လက်ကမ်းစာစောင်များ၊ အမှိုက်အိတ်များ၊ ကျောင်းသုံးဗလာစာအုပ်နှင့် ခဲတံများအား တာဝန်ရှိသူများကပေးအပ်ကာ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမ ဒေါ်နုနုရှိန်က လက်ခံရယူခဲ့သည်။ ထို့နောက် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းကျောင်းအုပ်ဆရာမ ဒေါ်နုနုရှိန်မှ ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနား အားရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)