ဒဂုံမြောက် စက်တင်ဘာ ၁၉
နိုင်ငံ၏ အနာဂတ်တာဝန်များကို ပပခုံးပြောင်းတာဝန် ထမ်းဆောင်ကြရမည့် ကျောင်းသားကျောင်းသူ လူငယ်လေးများ အသိဉာဏ်ပညာ ဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်း၍ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ လှသဇင်ခန်းမတွင် ယနေ့နံနက်(၁၀)နာရီက လူငယ်စကားဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်စား ဒုတိယဦးစီးမှူး ဦးစိုးဝင်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ရီ လူငယ်တွေအနေဖြင့် အသိပညာဗဟုသုတများရရှိစေရန်၊ လူငယ်အချင်းချင်း တစ်ဦးနှင့်တစ်ဦး အသိပညာဗဟုသုတ ဖလှယ်ကြရာမှ အတွေ့အကြုံသစ်များရရှိစေရန်၊ ပရိတ်သတ်ရှေ့မှာ ပြောရဲ ဆိုရဲအောင်နဲ့ စကားပြောအတတ်ပညာကျွမ်းကျင်လာစေရန်၊ လူငယ်အချင်းချင်း ရင်းနှီးမှုများရရှိပြီး ပူပေါင်းဆောင်ရွက်တတ်တဲ့ အလေ့အကျင့်ကောင်းတွေရရှိစေရန်နှင့် ဗလငါးတန်ပြည့်ဝသည့်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကိုဆက်လက်ကျင်းပရာ moderator အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ရီနှင့် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမဒေါ်စန္ဒာဝင်းတို့က ဆောင်ရွက်ခဲ့ပြီး အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းမှ လူငယ်နှင့်စာပေ ခေါင်းစဉ်ဖြင့် Grade-11(A) မှ မယွန်းဝတီနေစိုး၊ လူငယ်နှင့်နည်းပညာခေါင်းစဉ်ဖြင့် Grade-11(A) မောင်ရှိန်းထက်အောင်၊ လူငယ်နှင့်စာရိတ္တ ခေါင်းစဉ်ဖြင့် Grade-11(A) မှ မောင်ကျော်ဇင်သက်၊ လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့် Grade-10(A) မှ မောင်ကပ်ရှင်းခွာ၊ လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့် Grade-10(A) မှ မမိုးပွင့်ဖြူစင်၊ လူငယ်နှင့် ယဉ်ကျေးမှုခေါင်းစဉ်ဖြင့် ခေါင်းစဉ်ဖြင့် Grade-10(A) မှ မစောယွန်းဝတီတို့မှ ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသားကျောင်းသူများက ၎င်းတို့ သိရှိလိုသည့်အကြောင်းအရာ ခေါင်းစဉ်အလိုက် မေးမြန်းဆွေးနွေးခဲ့ကာ သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးမှူးမှ စကားဝိုင်းတွင် ဆွေးနွေးပေးသော ကျောင်းသားကျောင်းသူလေးများအား မှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်ပြီး ကျောင်းအုပ်ဆရာကြီး ဦးမြင့်လွင်က ယခုလို လူငယ်စကားဝိုင်းကျင်းပ ပြုလုပ်ခြင်းဖြင့် ကျောင်းသားကျောင်းသူကလေးငယ်များအတွက် များစွာအကျိုးကျေးဇူး ရရှိကြောင်း၊ စကားဝိုင်းများကျင်းပပေးခြင်းဖြင့် လူငယ်များ အသိပညာ ဗဟုသုတများနဲ့ ပြည့်စုံလာမှာဖြစ်ကြောင်း၊ ယခုကဲ့သို့ လူငယ်စကားဝိုင်းများကျင်းပပေးသော မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့နောက်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ၊ ရသ စာအုပ်စာစောင်များအား ကျောင်းသားကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
မြင့်မြင့်ရီ