ဒဂုံဆိပ်ကမ်း စက်တင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာအေးမူယာကျော်နှင့်ဝန်ထမ်းများသည် အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသည့် အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော ကျောင်းသူများအား ယမန်နေ့နံနက်ပိုင်းက သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) Vaccine ကို ထိုးနှံပေးသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဒေါက်တာအေးမူယာကျော်က အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်းလုပ်ငန်း၏ရည်ရွယ်ချက် သားအိမ်ခေါင်းကင်ဆာရောဂါသည် ကမ္ဘာ့တစ်ဝှမ်းတွင် အမျိုးသမီးများ၌ စတုတ္ထမြောက်အဖြစ်များသော ရောဂါဖြစ်ပြီး အသက်ဆုံးရှုံးမှုများသည့် ရောဂါဖြစ်ကြောင်း၊ သားအိမ်ခေါင်းကင်ဆာရောဂါ (အိတ်ချ်ပီဗီ) ကာကွယ်ဆေးနှင့် ကာကွယ်ဆေးထိုးခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာကို ထိရောက်စွာကာကွယ်နိုင်မှုများ၊ ရောဂါကာကွယ်ခြင်းနှင့် ကုသခြင်းများစသည်တို့ကို ကျောင်းသူများအား ဆွေးနွေးရှင်းလင်းပြောကြားပြီး ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။
အဆိုပါ သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး (အိတ်ချ်ပီဗီ) ကာကွယ်ဆေးအား ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသည့် အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်ထက် မကျော်သော (၁-၉-၂၀၁၁) ရက်နေ့မှ (၃၁-၈-၂၀၁၄) နှစ်အတွင်း မွေးဖွားသည့် မိန်းကလေးငယ်များအား စက်တင်ဘာ ၁၈ ရက်နေ့မှ ၂၉ ရက်နေ့ အတွင်း အပြီးထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အေးမဉ္ဇူ