ဝိုင်းမော်မြို့နယ်၌ အခြေခံဂဟေဆက်သင်တန်းအမှတ်စဉ် (၁/၂၀၂၃) ဖွင့်လှစ်

ဝိုင်းမော် စက်တင်ဘာ ၁၉

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြည်နယ်ကလေးအလုပ်သမား ပပျောက် ရေးကော်မတီ၊ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး လုပ်ငန်းဆပ်ကော်မတီမှ ကြီးမှူး ဖွင့်လှစ်သည့် အခြေခံဂဟေဆက်သင်တန်းအမှတ်စဉ် (၁/၂၀၂၃) ဖွင့်လှစ်ခြင်း အခမ်းအနားကို စက်တင်ဘာ ၁၉ ရက် နံနက် ၉ နာရီက ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအုပ်စု ကက်သလစ် အသင်းတော်ရှိ ယာယီ တိုက်ပွဲရှောင်စခန်း ဝတ်ပြုခန်းမဆောင်တွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ အလုပ်သမားဝန်ကြီးဌာန ကချင်ပြည်နယ် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးဒေါ်ကြည်ကြည်ဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်လှိုင်က အလုပ်ရှင်၊အလုပ်သမား ဥပဒေဆိုင်ရာများ၊ အလုပ်သမားများ ဖက်မှ ဥပဒေအရ အကာအကွယ်နှင့် ရပိုင်ခွင့်များအား ဆွေးနွေးတင်ပြသည်။

ထို့နောက် လူမှုဖူလုံရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြတ်မွန်မိုးက လူမှုဖူလုံ ရေးအဖွဲ့မှ အလုပ်သမားများ၏ ရပိုင်ခွင့်နှင့်ပတ်သက်၍ ကျန်းမာရေးစောင့်ရှောက်မှု၊ လုပ်ငန်းခွင် ထိခိုက်နာကြင်မှုများနှင့်ပတ်သက်၍ ရသင့်သည့်လျော်ကြေးငွေများရရှိနိုင်ရေး ဆောင်ရွက်ပေး နေမှုများအား အကျယ်တဝင့်ရှင်းလင်ဆွေးနွေးပြောကြားပြီး အလုပ်သမားရေးရာဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးမြင့်နှင့် အလုပ်သမားညွှန်ကြားမှုဦးစီး ဌာနမှ ဦးစီးအရာရှိ ဒေါ်တင်မာပိုတို့က သင်တန်းတွင်သင်ကြားပေးမည့် ဘာသာရပ်များနှင့် သင်တန်းပြီးဆုံးပါက သက်မွေးပညာဖြင့် မိသားစုဘဝရပ်တည်နိုင်ရေးတို့အား ရှင်းလင်း ပြောကြားခဲ့ကြသည်။

အဆိုပါ သင်တန်းကို စက်တင်ဘာ ၁၈ ရက်မှ အောက်တိုဘာ ၁၃ ရက်အထိ ရက်သတ္တ ၄ ပတ်ကြာ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးဘာသာရပ်၊ အခြေခံလျှပ်စစ်သဘောတရား၊ အခြေခံဂဟေဆက်နည်းပညာဘာသာရပ်တို့အား အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ နည်းပြ အရာရှိ အာကာမင်းစိုးမှ စာတွေ့လက်တွေ့ အခမဲ့လေ့ကျင့်သင်ကြားပေး သွားမည်ဖြစ်ပြီး ဒေသခံပြည်သူ (၂၅) ဦးတက်ရောက်လျက်ရှိကြောင်း သတင်းရရှိသည်။

ဖြူစင်(ပြန်/ဆက်)