ပြင်ဦးလွင် စက်တင်ဘာ ၁၉
ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် နှင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး လူငယ်ကဏ္ဍကိုမြှင့်တင် ဆောင်ရွက်ရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အောင်ပန်းတိုင်ကိုယ်ပိုင်အထက်တန်းကျောင်းတို့ပူးပေါင်းကာ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီခွဲက ပြင်ဦးလွင်မြို့နယ်၊ အနီးစခန်းရှိ အောင်ပန်းတိုင် ကိုယ်ပိုင်အထက်တန်းကျောင်း၌ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ကိုယ်စား အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က လူငယ်စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကို စတင်ကျင်းပရာ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က Moderator အဖြစ်ဆောင်ရွက် ပြီး အောင်ပန်းတိုင်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/သူများဖြစ်သည့် မစုလှိုင်သင်း “လူငယ်နှင့်စာပေ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ပြည့်ဖြိုးဟိဏ်းက “လူငယ်နှင့်စာရိတ္တ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ဇွဲလင်းထက်က “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မောင်ဘုန်းခန့်ကျော်က “လူငယ်နှင့် ဆိုရှယ်မီဒီယာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မမီမီဖြိုးက “လူငယ်နှင့် နည်းပညာ” ခေါင်းစဉ်ဖြင့် အသီးသီးဆွေးနွေးကာ အောင်ပန်းတိုင် ကိုယ်ပိုင်အထက်တန်းကျောင်းမှ မြန်မာစာ ဆရာမ ဒေါ်လွင်မျိုးထွန်းက ဖြည့်စွက်ဆွေးနွေးသူအဖြစ် ဆောင်ရွက်သည်။
ဆက်လက်ပြီး အခမ်းအနားသို့တက်ရောက်လာကြသည့် ကျောင်းသား/သူများက လူငယ်စကားတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ်အခြေခံကာ မိမိတို့သိရှိလိုသည်များကို ပြန်လည်ဖြည့်စွက် ဆွေးနွေးမေးမြန်းခဲ့ကြပြီး စာရေးဆရာ ကိုရွှေအောင်သင်းက လူငယ်များ စိတ်ဓာတ် ခွန်အားဖြစ်စေမည့် အသိပညာဗဟုသုတများ ဖြည့်စွက်ဟောပြော ဆွေးနွေးသည်။
ထို့နောက် လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးမျိုးထက်ဝင်း က ဂုဏ်ပြု မှတ်တမ်းတင် လက်မှတ်များပေးအပ်ပြီး စာရေးဆရာ ကိုရွှေအောင်သင်းက အောင်ပန်းတိုင် ကိုယ်ပိုင်အထက်တန်းကျောင်းစာကြည့်တိုက်အတွက်သုတ/ရသစာအုပ်များ ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ချုပ်သူ ဆရာကြီးဒေါက်တာဇော်ထိုက်က လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါ လူငယ်စကားဝိုင်းသို့ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်း၊ ဦးစိုင်းအောင်ကြည်နှင့် ပြင်ဦးလွင်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှူး ဦးကျော်လွင်ဦး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်နှင့် တာဝန်ရှိသူများ၊ စာရေးဆရာကိုရွှေအောင်သင်း၊ ပြင်ဦးလွင် မြို့နယ် သတင်းစာဆရာအသင်းမှ ဒုတိယဥက္ကဋ္ဌ ဒေါ်အေဇင်မေ၊ အောင်ပန်းတိုင် ကိုယ်ပိုင် အထက်တန်းကျောင်းအုပ်ချုပ်သူ ဒေါက်တာဇော်ထိုက်နှင့် တာဝန်ခံဆရာ၊ဆရာမများ၊ ကျောင်းသား/ကျောင်းသူ (၁၅၀) ဦးခန့်တက်ရောက်ခဲ့ပြီး အခမ်းအနားအပြီး တွင် ပြင်ဦးလွင် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသစာအုပ်များ၊ နံရံကပ်စာစောင်များအား ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ဖြူလူသစ် (ခရိုင် ၊ ပြန်/ဆက် )