ပုဇွန်တောင် စက်တင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ကမ္ဘာတစ်ဝှမ်းလုံး အမျိုးသမီးများ၌ စတုတ္ထမြောက်ဖြစ်ပွားမှုများပြီး အသက်ဆုံးရှုံးမှုများသည့် ရောဂါဖြစ်သည့် သားအိမ်ခေါင်းကင်ဆာ ရောဂါကိုကာကွယ်နိုင်ရန် အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
ထိုသို့ထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနန်းလှထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများက WHO မှ အသိအမှတ်ပြုထားသည့် Gardasil အမည်ရှိ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးကို (၁-၉-၂၀၁၁) မှ (၃၁-၈-၂၀၁၄) အတွင်း မွေးဖွားသည့် ကျောင်းသူများအား ထိုးနှံပေးခဲ့သည်။ ဆေးထိုးနှံမည့် ကျောင်းသူများအား ကျန်းမာရေး ဝန်ထမ်းများက စာရင်းသွင်းခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ယနေ့တွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော ကျောင်းသူ (၁၃၂) ဦးအား (Huma papilloma Virus Vaccine.HPV) ကာကွယ်ဆေးထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံရာသို့ ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်၊ အဖွဲ့ဝင် (၂) ဦးဝင်းလှိုင်၊ ဗိုလ်တထောင်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဝင်းကြည်နှင့် ဗိုလ်တထောင်ခရိုင် ပညာရေးမှူး ဒေါ်ခိုင်သီတာစိန်တို့မှ လာရောက်ကြည့်ရှုအားပေးခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခိုင်သီတာမြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနန်းလှထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မို့မို့ခင်နှင့်ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပီတိပရဟိတအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးခဲ့ပြီး စက်တင်ဘာလ ၁၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ အခြေခံပညာကျောင်းများမှ အသက်ပြည့်မှီသူ ကျောင်းသူ (၂၇၈) ဦးအား ကျန်းမာရေးဝန်ထမ်းများမှ ကျောင်းအခြေပြု ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဟန်စုယဉ်