ရသေ့တောင် စက်တင်ဘာ ၁၉
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်အတွင်းရှိ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး HPV ထိုးနှံခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အ.ထ.က (၂) ကျောင်းတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ HPV သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံပေးရာတွင် (၁-၉-၂၀၁၁ မှ ၃၁-၈-၂၀၁၄) ရက်အတွင်းမွေးဖွားသည့် အမျိုးသမီးငယ်များအား မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာတင်မြင့်ဦး ဦးဆောင်သော ကျန်းမာရေးသူနာပြု ဆရာမများက ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ စာရင်းရေးသွင်းခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ ကာကွယ်ဆေးနှင့် ဓာတ်တည့်မတည့် စစ်ဆေးခြင်းတို့ကိုဆောင်ရွက်ပေးပြီး ကာကွယ်ဆေးထိုးနှံပြီးသူများကို နာရီဝက်အနားယူစောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာခွင့်ပြုကြောင်း သိရသည်။
သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံထားခြင်းအားဖြင့် အသက်ငယ်ရွယ်သည့် မိန်းကလေးများတွင် Human Papilloma Virus (HPV) သားအိမ်ခေါင်းကင်ဆာ ဗိုင်းရပ်စ်ပိုးကူးစက်မှုနှုန်းကို ၈၃ ရာခိုင်နှုန်း အထိလျှော့ချပေးနိုင်မည်ဖြစ်သည်။
ရသေ့တောင်မြို့နယ်၌ ကျောင်းအခြေပြု HPV ကာကွယ်ဆေးထိုးနှံခြင်းကို ယခုလ ၁၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ ထိုးနှံပေးမည်ဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် သတ်မှတ်စည်းကမ်းချက်များနှင့် အညီစနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထွန်းလင်းကျော်(ပြန်/ဆက်)