မြစ်ကြီးနား စက်တင်ဘာ ၁၉
ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် ကလပ်အသင်းပေါင်းစုံ (အမျိုးသား) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို စက်တင်ဘာ ၁၈ ရက် ညနေ ၃ နာရီခွဲက မြစ်ကြီးနားမြို့ရှိ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးဦးဝင်းရဲထွန်းနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပိုက်ကျော်ခြင်း ဒိုင်အဖွဲ့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ပြီး အမျိုးသား(၂)ယောက်တွဲ၊ (၃)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲများတွင် အကောင်းဆုံး အားကစားသမားဆုရရှိသူအား ဆုတံဆိပ်နှင့်ငွေသားဆုကိုလည်းကောင်း၊ ဒုတိယဆုနှင့်တတိယဆုရရှိသော အသင်းများအား တစ်ဦးချင်းလည်ဆွဲနှင့် ငွေသားဆုများကို လည်းကောင်း၊ ပထမဆုရရှိသောအသင်းအား တစ်ဦးချင်းလည်ဆွဲ၊ ငွေသားဆုများနှင့် တံခွန်စိုက်ဆု ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
အဆိုပါ ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား ကလပ်အသင်းပေါင်းစုံ (အမျိုးသား) ပိုက်ကျော်ခြင်းပြိုင်ပွဲ(၂)ယောက်တွဲပြိုင်ပွဲတွင် မြစ်ကြီးနားအသင်းက တံခွန်စိုက်ဆုကို လည်းကောင်း၊ (၃) ယောက်တွဲ ပြိုင်ပွဲတွင် မိုးညှင်းအသင်းက တံခွန်စိုက်ဆုကို လည်းကောင်း အသီးသီးရရှိခဲ့ကြောင်းနှင့် ပြိုင်ပွဲကို စက်တင်ဘာလ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)