မောက်မယ် စက်တင်ဘာ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ မွေတော်ရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း ၂၀၂၂-၂၀၂၃ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက်၉ နာရီခွဲက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောင်းသား/ကျောင်းသူလေးများက “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုဖျော်ဖြေ ဖွင့်လှစ်ခဲ့ပြီး အဆိုပါအခမ်းအနားတွင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးထွန်းနေအောင်က အဖွင့်အမှာစကားပြောကြားပြီး အ.မ.ကကျောင်းအုပ်ဆရာကြီး ဦးစိုင်းအေးနိုင်က ကျောင်းသား/ ကျောင်းသူများအနေဖြင့် ကျောင်းပညာရေးသာမက အခြားဘက်စုံထူးချွန်ရေးတို့အတွက် မိဘ/ဆရာ/ကျောင်းသားတို့မှ ဆက်လက်ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ မိမိကျောင်းဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ၊ ကျောင်းသား/ကျောင်းသူများ ဘက်စုံပညာထူးချွန်ရေးတို့အတွက် မိမိတို့ကျောင်းရှိ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများမှ ပူးပေါင်းဆောင်ရွက်ရေး ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ပညာရည်ချွန်ဆုပေးပွဲ အောင်မြင်ဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီပေးကြသော ကျောင်းသားမိဘအလှူရှင်များအား ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ဆက်လက်ပြီး A အဆင့် ကာယဉာဏထူးချွန်ဆုရရှိကြသည့် ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား ကျောင်းသူလေးများက တေးသရုပ်ဖော်တိုင်းရင်းသားရိုးရာအကအလှများဖြင့် သီဆိုဖျော်ဖြေကပြခဲ့ကြသည်။ အခမ်းအနားသို့ မြို့နယ်ပညာရေးဌာနမှ ဝန်ထမ်းများ၊ အခြေခံပညာကျောင်းမှကျောင်းအုပ်များနှင့် ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)