ဆဒုံး စက်တင်ဘာ ၁၉
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့ရှိ ကျေးရွာများရှိ ဒေသခံများသည် မိသားစု စားဝတ်နေရေးအတွက် ဆန်စပါး၊ အခြားသီးနှံများနှင့်အတူ တောင်ယာငရုပ်သီးများကို အဓိကထား စိုက်ပျိုးလျက်ရှိရာ ငရုပ်သီးများပေါ်စတွင် ဈေးကောင်းရရှိသဖြင့် မိသားစု အပိုဝင်ငွေရရှိကြောင်း သိရသည်။
အဆိုပါ ငရုပ်သီးပင်များကို တောင်ယာစပါးများ စတင်စိုက်ပျိုးချိန် မျိုးစေ့များကြဲပက်သည့် စနစ်ဖြင့်လည်းကောင်း၊ အပင်ပေါက်များပျိုး၍သော်လည်းကောင်း၊ မြေအမျိုးအစားမရွေး စိုက်ပျိုးနိုင်ကြောင်း၊ စိုက်ပျိုးချိန်မှ (၅)လ ခန့်တွင် စတင်ခူးဆွတ်ရောင်းချနိုင်ပြီဖြစ်ကြောင်းနှင့် တောင်ယာ ငရုပ်သီးတစ်ပြည်လျှင် ကျပ် (၇၀၀၀) အထိ ရရှိကြောင်း တောင်ယာငရုပ်စိုက်ပျိုးသူ ဦးဆွတ်ရိန်အောင်ထံမှ သိရသည်၊၊
ဆဒုံးမြို့မှထွက်ရှိသော တောင်ယာငရုပ်သီးများသည် သဘာဝအော်ဂဲနစ်စနစ်ဖြင့် စိုက်ပျိုးသည့်အတွက် မြို့တွင်းသာမက ဝိုင်းမော်မြို့နှင့် မြစ်ကြီးနားမြို့ပေါ်ဈေးများအထိ ဖြန့်ဖြူး ရောင်းချလျက်ရှိကြောင်း သိရသည်။
ခင်မာဝင်း (ဆဒုံး)