နမ္မတူ စက်တင်ဘာ ၁၉
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားကျောင်းသူ လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ လူငယ်စကားဝိုင်းတွင် ရှေ့ဦးစွာ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးဦးသန်းလွင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းမျိုးဆောင်းကျော်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်ရွှေမာက အားကစားဆိုင်ရာများအား အသိပညာပေးပြောကြားပြီး လူငယ်စကားဝိုင်းအား ကျင်းပခဲ့ရာ (Grade-9)မှ ကျောင်းသူ မနှင်းအိအိလှိုင်က “လူငယ်နှင့်စာရိတ္တ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Grade-9)မှ ကျောင်းသား မောင်စိုင်းလွှမ်းအောင်က “လူငယ်နှင့်ရည်မှန်းချက်”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Grade-8)မှ ကျောင်းသူ မဂျာဆိုင်းမိုင်က “လူငယ်နှင့်ကျန်းမာရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Grade-8)မှ ကျောင်းသူ မမိမိခိုင်က“လူငယ်နှင့်မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် ကျောင်းသားကျောင်းသူများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ပြီး ဦးဆောင်ဆွေးနွေးသည့် ကျောင်းသား ကျောင်းသူများက ပြန်လည်ဖြေကြား ဆွေးနွေးပေးခဲ့သည်။
ထို့အပြင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ဆေးလိပ်သောက်သုံးခြင်းကြောင့်ရရှိနိုင်သည့် ဆိုးကျိုးအန္တရာယ်များ အသိပညာပေးနံရံကပ်စာစောင်အား ပြသခဲ့ရာ တက်ရောက်လာသည့် ကျောင်းသားကျောင်းသူ(၃၂၀)ဦးက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ရာ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းအုပ်ဆရာကြီး ဦးသန်းလွင်က လက်ခံရယူခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)