ပေါင် စက်တင်ဘာ ၁၉
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀) နာရီက ပေါင်မြို့နယ် (အ.ထ.က) မုတ္တမကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ လူငယ်စကားဝိုင်းတွင် (အ.ထ.က) မုတ္တမ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကျင်သန်းက အဖွင့်အမှာ စကားပြောကြားပြီး ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက လူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များပေါ်ထွက်လာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်စကားဝိုင်းများ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် ကျောင်းသားလူငယ်များ စာဖတ်စွမ်းရည်များ တိုးတက်လာပြီး အသင်းအဖွဲ့များတွင် ပါဝင်လုပ်ဆောင်ဆွေးနွေးတတ်သည့် အလေ့အကျင့်များ၊ ကိုယ်ရည်ကိုယ်သွေးများနှင့် နှုတ်မှုစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် လူငယ်စကားဝိုင်းကိုကျင်းပရာ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက အစီအစဉ်တင်ဆက်သူအဖြစ်ဆောင်ရွက်ပြီး (အ.ထ.က) မုတ္တမကျောင်းဆရာမဒေါ်အိသူဇာနိုင်က ဦးဆောင်ဆွေးနွေးပြီး (အ.ထ.က) မုတ္တမကျောင်းမှ Grade 10 ကျောင်းသား မောင်ဖြိုးဖြိုးဦးက လူငယ်နှင့်ကျန်းမာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - 10 ကျောင်းသူ မကေဇင်မိုးက လူငယ်နှင့်နည်းပညာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - 11 ကျောင်းသူ မအိမွန်ကျော်က လူငယ်နှင့်ပညာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - 11 ကျောင်းသူ မခင်နန္ဒာထွန်းက လူငယ်နှင့်စည်းကမ်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - 11 ကျောင်းသား မောင်ကောင်းဆက်တင်က လူငယ်နှင့်ကိုယ့်ကျင့်တရား ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက လူငယ်စကားဝိုင်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ်အခြေခံကာ မိမိတို့သိရှိလိုသည့် မေးခွန်းများကိုမေးမြန်းရာ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးနှင့် ကျောင်းဆရာမ ဒေါ်အိသူဇာနိုင်တို့က အသီးသီးပြန်လည်ဖြေကြားပေးခဲ့သည်။
ယနေ့ကျင်းပသော လူငယ်စကားဝိုင်းသို့ (အ.ထ.က) မုတ္တမကျောင်းမှ ဆရာ/ဆရာမများ အပါအဝင် ကျောင်းသား ကျောင်းသူ (၃၀၀) ဦး ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)