ဗန်းမော် စက်တင်ဘာ ၁၉
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့တွင် မြန်မာနိုင်ငံ ခရစ်ကတ်အဖွဲ့ချုပ်နှင့် ဗန်းမော်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ် ခရစ်ကတ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဗန်းမော်မြို့ သာစည်ရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အားကစားကွင်းတွင် ယမန်နေ့နံနက် ၉ နာရီခွဲခန့်က ကျင်းပခဲ့သည်။
ဖွင့်ပွဲတွင် ပထမဦးစွာ အားကစားသမားများက ကွင်းအတွင်းနေရာယူပြီး အားကစားအဓိဌာန်ကို ရွတ်ဆိုကြပြီး ဗန်းမော်မြို့နယ် ဒုတိယမြို့နယ် ပညာရေးမှူး ဦးဝင်းတင့်က အဖွင့်အမှာစကား ပြောကြား၍ မြန်မာနိုင်ငံ ခရစ်ကတ်အဖွဲ့ချုပ်မှ နည်းပြချုပ် ဦးရဲမျိုးထွန်းက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြိုင်ပွဲဝင်အသင်းများအား မြန်မာနိုင်ငံခရစ်ကတ်အဖွဲ့ချုပ်ကချီးမြှင့်သည့် ဂုဏ်ပြုထောက်ပံ့ငွေ တစ်သင်းလျှင် ကျပ်တစ်သိန်းစီအား နည်းပြချုပ်ဦးရဲမျိုးထွန်းနှင့် အခမ်းအနားသို့ တက်ရောက်လာသည့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြရာ အသင်းတာဝန်ရှိသူများနှင့် အားကစား သမားများက လက်ခံရယူကြသည်။ အဆိုပါပြိုင်ပွဲကို စက်တင်ဘာ ၁၈ ရက်မှ စက်တင်ဘာ ၂၃ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပြိုင်ပွဲတွင်ဗန်းမော်ခရိုင်အတွင်းရှိ အ.ထ.ကကျောင်းများနှင့် အ.လ.ကကျောင်းများမှ အမျိုးသမီး ၈ သင်းနှင့် အမျိုးသား ၈ သင်း တို့ ယှဉ်ပြိုင်ကစားကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်