ဒေါပုံ စက်တင်ဘာ ၁၉
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ကမ္ဘာတစ်ဝှမ်းလုံး အမျိုးသမီးများ၌ စတုတ္ထမြောက် ဖြစ်ပွားမှုများပြီး အသက်ဆုံးရှုံးမှုများသောရောဂါဖြစ်သည့် သားအိမ်ခေါင်းကင်ဆာရောဂါကို ကာကွယ်နိုင်ရန်အတွက် မြို့နယ်အဆင့်သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးကို ယနေ့နံနက် ၉ နာရီက အမှတ် (၂) အခြေခံပညာ အလယ်တန်းကျောင်းတွင် စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ထိုးနှံပေးရာတွင် သားအိမ်ခေါင်းရောဂါဖြစ်ပွားခြင်းမှ ကာကွယ်နိုင်သည့် WHO မှ အသိအမှတ်ပြုထားသည့် Gardasil အမည်ရှိ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးကို အသက်(၉)နှစ်ပြည့်ပြီးမှ (၁၂) နှစ်မကျော်သော ကျောင်းသူများအား ကျန်းမာရေးဝန်ထမ်းများ ကထိုးနှံပေးခြင်းဖြစ်ပါသည်။ ကာကွယ်ဆေးမထိုးနှံမီ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးထိုးစာရင်းသွင်းခြင်း စသည်တို့ကို ဆောင်ရွက်ပေးခဲ့ပြီး ဆေးထိုးပြီးစီးသည့် ကျောင်းသူများအား နာရီဝက်ခန့်နားနေပြီးမှသာ သက်ဆိုင်ရာအတန်းများ သို့ ပို့ဆောင်ခြင်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်မင်းအေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာဦးစီးဌာနမှ ဝန်ထမ်းများ၊ ပရဟိတအဖွဲ့ဝင်များက လာရောက်၍ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြပြီး ဒေါပုံမြို့နယ်အတွင်းရှိ ကျောင်းအခြေပြု သားအိမ်ခေါင်းရောဂါကာကွယ်ဆေးထိုးရာ၌ ကျောင်းသူ ၉၀၀ ကျော်အထိ ထိုးနှံပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ချစ်စုဝေ(ပြန်/ဆက်)