ကျိုင်းတုံမြို့၌ ပုံမှန်ကာကွယ်ဆေးထိုးခြင်းအစီအစဉ်တွင် (HPV) ကာကွယ်ဆေး စတင်ထည့်သွင်း ထိုးနှံခြင်း အသိပေးဆွေးနွေး

ကျိုင်းတုံ အောက်တိုဘာ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌  ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းအစီအစဉ်တွင် အမျိုးသမီးငယ်လေးများအား သားအိမ်ခေါင်း ကင်ဆာရောဂါ (HPV) ကာကွယ်ဆေး စတင်ထိုးနှံခြင်းလုပ်ငန်း ထည့်သွင်းခြင်း အသိပေး ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီ က ကျင်းပသည်။

အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသက်မြင့် က အမျိုးသမီးငယ်လေးများအား သားအိမ်ခေါင်းကင်ဆာရောဂါ (HPV) ကာကွယ်ဆေး ထိုးနှံပေးရခြင်း ရည်ရွယ်ချက်နှင့်ပတ်သက်၍ ဆွေးနွေးရာတွင် သားအိမ်ခေါင်းကင်ဆာသည်  အိတ်ခ်ျပီဗီ ဗိုင်းရပ်(စ်)ပိုးကြောင့် လိင်ဆက်ဆံခြင်း၊ အရေပြားချင်း ထိတွေ့ခြင်းမှ ကူးစက်တတ်သော ရောဂါတစ်မျိုးဖြစ်ပြီး၊ ကူးစက်ခံရသူအများစုမှာ ရောဂါလက္ခဏာမပြဘဲ ရှိနေတတ်ခြင်းကြောင့် မည်သူမဆို အချိန်အခါမရွေး ကူးစက်ခံရနိုင်ပြီး  အိတ်ခ်ျပီဗီဗိုင်းရပ်(စ်) ပိုးကြောင့် သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်နိုင်ရန် အသက် ၁၅ နှစ် အရွယ်မတိုင်မီ မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ (HPV) ကာကွယ်ဆေးအား ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်း အစီအစဉ်ထည့်သွင်း ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသက်မြင့်က ပြန်လည်ဖြေကြားဆွေးနွေးခဲ့သည်။ ကျိုင်းတုံမြို့တွင် သားအိမ်ခေါင်းကင်ဆာရောဂါ (HPV) ကာကွယ်ဆေးကို အောက်တိုဘာလ (၂၀)ရက်နေ့မှ စတင်၍ အသက်(၉)နှစ်မှ (၁၀)နှစ်ကြား အမျိုးသမီးငယ်လေးများအား တစ်ကြိမ်နှင့် တစ်ကြိမ် (၁၂)လ ခြားပြီး (၂)ကြိမ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း  သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)