သံတွဲ စက်တင်ဘာ ၁၉
ကလေးငယ်များ၏ စဉ်းစားတွေးခေါ်မှု ဉာဏ်ရည်ဉာဏ်သွေးမြင့်မားလာစေပြီး ပူးပေါင်းဆောင်ရွက်တတ်သော အလေ့အကျင့်များရရှိစေရန် ရည်ရွယ်၍ သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ကာယဉာဏစွမ်းရည်ပြိုင်ပွဲအဖြစ် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ပုံပြင်ပြောပွဲများကို ယမန်နေ့နံနက် ၁၀ နာရီက သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က ကလေးငယ်များအတွက် ပြိုင်ပွဲကျင်းပပေးရသည့် ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းမျည်း စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြိုင်ပွဲများကိုကျင်းပပြုလုပ်ကြရာ မူလွန်ဒွါရာဝတီ၊ အ.ထ.က(ခွဲ)ငကျော်တောင်၊ အ.ထ.က(ခွဲ)မြို့မ၊ အ.မ.က (အံတော်တောင်ရင်းကုန်း) နှင့် အ.မ.က ရောင်ခြည်ဦးကျောင်းများမှ မူလတန်းအဆင့် ကျောင်းသား၊ကျောင်းသူ ၃၃ ဦး လာရောက်ယှဉ်ပြိုင်ကြပြီး ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသား၊ ကျောင်းသူများကို လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်နှင့် ဒုတိယဦးစီးမှူး ဒေါ်မေမွန်ထွဋ်တို့က အမှတ်တရ လက်ဆောင်များချီးမြှင့်ပေးခဲ့သည်။
သန့်ဇင်(ခရိုင်ပြန်/ဆက်)