နေပြည်တော် စက်တင်ဘာ ၁၉
ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် အထပ်မြင့်နှင့်အများပြည်သူသုံးအဆောက်အအုံများ ဆောက်လုပ်ခွင့်ဆိုင်ရာ စည်းမျဉ်းစည်းကမ်း(SOP) ရေးဆွဲနိုင်ရေးနှင့် မြို့ပြစီမံကိန်းရေးဆွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် အထပ်မြင့်နှင့် အများပြည်သူသုံး အဆောက်အအုံများ တည်ဆောက်/ဆောက်လုပ်ခွင့်နှင့်စပ်လျဉ်း၍ ဦးစွာ စည်းမျဉ်းစည်းကမ်းများ(SOP)ရေးဆွဲပြီး ယင်းနောက် ဥပဒေအဖြစ်ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်သွားရန် နှင့် မြို့ပြစီမံကိန်းများ စနစ်တကျရေးဆွဲ ဆောင်ရွက်ထားကြရန်ဖြစ်ကြောင်း၊ မြို့သစ်များဖော်ဆောင်ရာတွင်ပါဝင်ရမည့် အင်္ဂါရပ်များအား ပြည့်ပြည့်စုံစုံ ထည့်သွင်းစဉ်းစားပြီး အနာဂတ်အတွက် မျှော်မှန်းတည်ဆောက်ရန်နှင့် မြို့ပြနေပြည်သူများ၏ လူနေမှုအဆင့်အတန်းမြှင့်တင်နိုင်ရေး ပူးပေါင်းဆောင်ရွက်ရန်ဖြစ်ကြောင်း၊ နေပြည်တော်အတွက် အထပ်မြင့်နှင့် အများပြည်သူသုံးအဆောက်အအုံများ တည်ဆောက်သည့်နေရာတွင် စည်းမျဉ်းစည်းကမ်းများ(SOP)များ ရေးဆွဲသွားရန်နှင့် နောက်ပိုင်းတွင် အဆိုပါ SOP များကို ဥပဒေအဖြစ် ပြဋ္ဌာန်းနိုင်ရေး ဆက်လက်ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ နေပြည်တော်အတွက် မြို့ပြစီမံကိန်းကို စနစ်တကျရေးဆွဲဆောင်ရွက်ရတွင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ အဆောက်အဦများ တည်ဆောက်ရာတွင် ငလျင်ဒဏ်ခံနိုင်သည့် ဒီဇိုင်းပုံစံ၊ အထပ်အမြင့်ဆိုင်ရာ ကန့်သတ်ချက်၊ အဆောက်အဦအမြင့် ကန့်သတ်ချက် စသည့်အချက်များကို စည်းမျဉ်းစည်းကမ်း(SOP)များရေးဆွဲနိုင်ရေး ပညာရှင်များနှင့် ညှိနှိုင်းပြီး အဘက်ဘက်ကဆွေးနွေးဆောင်ရွက်ရန် လိုအပ်မှာဖြစ်ကြောင်း၊ နေပြည်တော်အတွက် မြို့ပြစီမံကိန်းရေးဆွဲသည့် နေရာမှာလည်း နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ Green City၊ Clean City၊ Smart City ဖြစ်စေရေး ဦးတည်ရေးဆွဲဖို့နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ပြီး နေချင်စဖွယ်ကောင်းသည့် မြို့တော်ဖြစ်လာစေရေး ဦးတည်ရေးဆွဲကြရမှာ ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနကြီးမှူးများ၊ ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး က တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)