နမ့်စန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ Mask များ အခမဲ့ဖြန့်ဝေ

နမ့်စန်(တ) အောက်တိုဘာ ၁၉

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းအနေဖြင့် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေခြင်းကို မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူများက ယနေ့နံနက် ၉ နာရီခွဲ က အမှတ်(၃)ရပ်ကွက် မြို့မဈေးလမ်းတစ်လျှောက် လူစည်ကားရာနေရာများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ဦးအယ်လ်လီဇာနှင့် တပ်ဖွဲ့ဝင်များက မြို့မဈေးလမ်း တစ်လျှောက်ရှိ ဈေးဆိုင်ခန်းများ၊ ဈေးသွား/ဈေးလာပြည်သူများနှင့် ဆိုင်ကယ် Taxi သမားများကို မဖြစ်မနေ နေအိမ်ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်း (Mask)များ စနစ်တကျတပ်ဆင်ပြီးမှ သွားလာကြရန် အသိပေးပြောကြားခဲ့ပြီး နှာခေါင်းစည်း (Mask) မပါသူများကို Mask များ ဖြန့်ဝေပေးခြင်းနှင့် လက်သန့်ဆေးရည်ဖြင့် လက်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါနှာခေါင်းစည်း (Mask)များ ဖြန့်ဝေရာသို့ စေတနာရှင် အလှူရှင်များကလည်း Mask များ ပါဝင်လှူဒါန်းခဲ့ကြပြီး စုစုပေါင်း Mask အခု ၁၀၀၀ အခမဲ့ ဖြန့်ဝေပေးအပ်နိုင်ခဲ့ကြောင်း မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးအယ်လ်လီဇာ ထံမှ သိရသည်။

သူရအောင်(ပြန်/ဆက်)