ပေါက်တော စက်တင်ဘာ ၁၉
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် အ.ထ.က ပေါက်တောကျောင်းတွင် (အသက် ၉ နှစ်မှ ၁၂ နှစ်) အတွင်းရှိ ကျောင်းသူများအား (HPV) သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်မှစ၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက အဆိုပါကျောင်းသို့ သွားရောက်၍ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ (HPV)သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေးရာ၌ (၁-၉-၂၀၁၁ မှ ၃၁-၈-၂၀၁၄) ရက်အတွင်း မွေးဖွားသည့်အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်မကျော်သေးသော ကျောင်းသူများအား ကာကွယ်ဆေးမထိုးနှံမီ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကိုကိုအောင် ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသူများအား စာရင်းရေးသွင်းခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီးနောက် (HPV) သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးအား စနစ်တကျထိုးနှံပေးခဲ့ပြီး ဆရာမများက လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကာကွယ်ရေးထိုးနှံပေးခြင်းကို ပေါက်တောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့်တာဝန်ရှိသူများ၊ မြို့နယ် အမျိုးသမီးရေးရာနှင့် မိခင်ကလေးအဖွဲ့ဝင်များက လိုအပ်သည်များကို ပေါင်းစပ်ကူညီဆောင်ရွက်ပေးလျက်ရှိကြပြီး မြို့နယ်အတွင်း အခြေခံပညာကျောင်းများကို သတ်မှတ်ရက်ကာလအတွင်း သက်မှတ်ချက်နှင့်ကိုက်ညီသည့် ကျောင်းသူများကို ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)