ကော့မှူးတွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး HPV ထိုးနှံခြင်းအခမ်းအနားကျင်းပ

ကော့မှူး စက်တင်ဘာ ၁၉

ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့်  အသက် ၉ နှစ်ပြည့်ပြီး ၁၁ နှစ် မကျော်သောကျောင်းသူများ သားအိမ်ခေါင်းကင်ဆာရောဂါ  ကာကွယ်နိုင်ရန် မြို့နယ်အဆင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး HPV ထိုးနှံခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် မကျီးတန်းရပ်ကွက် အခြေခံပညာမူလတန်းကျောင်း အ.မ.က မကျီးတန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးအဆင့်-၁ ဦး စိုးဝင်းထွန်းက သားအိမ်ခေါင်းကင်ဆာနှင့် ပတ်သက်၍ပြောကြားရာ ကမ္ဘာတစ်ဝန်းတွင် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားနှုန်းမှာ အမျိုးသမီးတစ်သိန်းတွင် ၁၃ ဒဿမ ၃ ဦး ရှိကြောင်း သားအိမ်ခေါင်းကင်ဆာကြောင့် သေဆုံးမှုမှာ ၆ ဒဿမ ၉ ဦး ရှိကြောင်း၊ သားအိမ်ခေါင်းကင်ဆာကြောင့် သေဆုံးသူများ၏ ၉၀ ရာခိုင်နှုန်းမှာ ဖွံ့ဖြိုးမှုနည်းသောနိုင်ငံများတွင် ဖြစ်ပြီးလည်းကောင်း နိုင်ငံများတွင် ရောဂါကြောင့်သေဆုံးမှုနှုန်း မြင့်မားနေသည်ကို တွေ့ရကြောင်း သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံထားခြင်းဖြင့် အသက်ငယ်ရွယ်သော မိန်းခလေးများတွင် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားစေသည့် Human Papilloma Virus (HPV) သားအိမ်ခေါင်း ကင်ဆာဗိုင်းရပ်စ်ပိုးကူးစက်မှုနှုန်းကို ၈၃ ရာခိုင်နှုန်း လျော့ချနိုင်မည်ဖြစ်ကြောင်း၊ ယခုထိုးနှံပေးမည့် ကာကွယ်ဆေးမှာ (HPV) ပိုးအမျိုးအစားလေးမျိုးကို ကာကွယ်နိုင်သည့် ကာကွယ်ဆေးဖြစ်ပြီး အဆိုပါကာကွယ်ဆေးထိုးနှံမှုခံယူခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာ ရောဂါဖြစ်ပွားမှုကို ၉၅ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝ၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးထွန်းဇော်မင်း၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းဌေး၊ ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှ ကျန်းမာရေးမှူးအဆင့် (၁) ဦး စိုးဝင်းထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ကြတ်ခြေနီတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြပြီး အ.မ.က မကျီးတန်းကျောင်းမှ ကျောင်းသူ (၂၉) ဦးအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ကျန်ရှိသောကျောင်းသူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ကျော်သူရ