နေပြည်တော် စက်တင်ဘာ ၁၉
လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့် နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း (Standard Operating Procedure –SOP) ရေးဆွဲပြုစုရေး နေပြည်တော်ကောင်စီလုပ်ငန်းကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေမွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနအသီးသီးမှ ကော်မတီဝင်များ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက စိုက်ပျိုးမြေများ သုံးစွဲမှုနှင့်ပတ်သက်၍ စိုက်ပျိုးမြေများကို အခြားနည်းများဖြင့် သုံးစွဲလျက်ရှိခြင်းကြောင့် နိုင်ငံ၏စိုက်ပျိုးရေးလုပ်ငန်းများ အတွက်ထိခိုက်နစ်နာမှုများဖြစ်ပေါ်လျက်ရှိပါကြောင်း၊ မြေအသုံးချမှုနှင့်ပတ်သက်၍ မှန်မှန်ကန်ကန် ဆောင်ရွက်ကြရမည်ဖြစ်ပြီး ပြဋ္ဌာန်းဥပဒေများနှင့်အညီ စိစစ်ကြပ်မတ်ထိန်းသိမ်း ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ (SOP)ရေးဆွဲပြုစုရေး နေပြည်တော်ကောင်စီလုပ်ငန်းကော်မတီအနေဖြင့် စိုက်ပျိုးရေးအခြေခံသော မိမိတို့နိုင်ငံတွင် လယ်ယာမြေအရင်းအမြစ်များကို ရေရှည်တည်တံ့စွာ အသုံးချနိုင်ရေးအတွက် တည်ဆဲလယ်ယာမြေဥပဒေများကို မျက်ကွယ်ပြုပြီးလယ်မြေများကို ဥပဒေနှင့်အညီခွင့်ပြုချက်မရှိဘဲ မြို့မြေ/ရွာမြေကဲ့သို့ အခိုင်အမာနေအိမ်များ ဆောက်လုပ်ခြင်း၊ အဆောက်အဦများ ဆောက်လုပ်ခြင်း၊ စက်ရုံအလုပ်ရုံများ ဆောက်လုပ်ခြင်းများ ပြုလုပ်နေကြသည့်အတွက် ဥပဒေမဲ့ကျူးလွန် လုပ်ဆောင်နေမှုများကို စနစ်တကျလေ့လာဆန်းစစ်ပြီး မှန်ကန်ရိုးသားစွာ လုပ်ဆောင်ကြသည့် ပြည်သူများ နစ်နာမှုမရှိစေရေး ဖော်ထုတ်အကြံပြုပေးရမှာဖြစ်သလို၊ သုံးသပ်၊ အကြံပြုချက်များကို ပြဋ္ဌာန်းဥပဒေများနှင့်အညီ မှန်မှန်ကန်ကန်စိစစ်ပြီး ဦးစီးကော်မတီသို့ တင်ပြရမှာဖြစ်ကြောင်း၊ နေပြည်တော်လုပ်ငန်း ကော်မတီ၏ လုပ်ငန်းတာဝန်ပါအတိုင်း အလေးထားလုပ်ဆောင်ပြီး(SOP)မှာ ပါသင့်ပါထိုက်သည့် အချက်များကို အကြံပြုထည့်သွင်းတင်ပြနိုင်ရေး ဝိုင်းဝန်းဆွေးနွေးကြစေလိုကြောင်းပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီ လုပ်ငန်းကော်မတီတွဲဖက်အတွင်းရေးမှူး နေပြည်တော် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးတင်ထူးက လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း (Standard Operating Procedure-SOP)ရေးဆွဲပြုစုရေးနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဌာနအသီးသီးမှ လုပ်ငန်းကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် အကြံပြုဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)