မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

တောင်ကြီး  စက်တင်ဘာ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက မြို့တော်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က အမှာစကားပြောကြားရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၂၀၂၀)ခုနှစ် စာရင်းများအရ ကမ္ဘာတစ်ဝန်းလုံးတွင် သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားသူ အမျိုးသမီးလူနာအသစ် (၆)သိန်းကျော်ရှိပြီး သားအိမ်ခေါင်းကင်ဆာရောဂါကြောင့် နှစ်စဉ်အမျိုးသမီး(၃)သိန်းကျော် သေဆုံးလျက်ရှိသဖြင့် အမျိုးသမီးများတွင် ဖြစ်ပွားမှုအများဆုံး ကင်ဆာရောဂါဖြစ်ကြောင်း၊ အဆိုပါရောဂါမှာ ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါဖြစ်သဖြင့် သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားသေဆုံးမှု လျှော့ချနိုင်ရန်အတွက် တစ်နိုင်ငံလုံးတွင် အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၂)နှစ်မကျော်သော မိန်းကလေးငယ်များအားလုံး လွှမ်းခြုံမှုရရှိစေရန် သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး(HPV)ထိုးနှံပေးခြင်းလုပ်ငန်းကို ယနေ့မှစ၍ မြန်မာနိုင်ငံတဝှမ်း စတင်ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် ကျောင်းအခြေပြုထိုးနှံချိန်တွင် Vaccination Management Information System (VMIS) မှ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သော ကျောင်းသူများစာရင်းအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးမှူးတို့ ချိတ်ဆက်၍ ဌာန(၂)ခု ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပြီး ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းမစတင်မီတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အကူအညီကိုရယူ၍ ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်သဖြင့် ဆက်စပ်ဌာနများအားလုံး ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားပါသည်။

ထို့နောက် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က ရှမ်းပြည်နယ်တွင် ဆောင်ရွက်မည့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်းအထိမ်းအမှတ် Video Clip ပြသ၍ ပြည်နယ်စီးပွားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV)ထိုးနှံပေးနေမှုများကို လှည့်လည်ကြည့်ရှုအားပေး၍ လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရှိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)